BBC navigation

သတင်းစာပါ အသုံး အနှုန်း မစိစစ်ဘဲ ဖော်ပြမိ

နောက်ဆုံး ရေးသားချိန် 5 ဇွန်လ 2012 - 15:53 GMT
88 Student leader Ko Mya Aye

ဆန္ဒပြသူတွေကို ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေး သွာရောက် ဖြန်ဖြေခဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကုတ်မြို့မှာ ခရီးသွား အစ္စလာမ် ဘာသာဝင် ၁၀ ယောက် အသတ် ခံရမှုနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီး ဌာန ရဲ့ သတင်း ထုတ်ပြန်ချက်ပါ အသုံး အနှုံးတွေ အပေါ် မကျေနပ် ကြတဲ့ ရန်ကုန် မြို့နေ မြန်မာ မွတ်ဆလင်တွေ အင်္ဂါ နေ့က ဆန္ဒပြခဲ့ကြ ပါတယ်။

သံတွဲ ခရီးသည် တင်ကား ပေါ်မှာ လိုက်ပါ လာကြသူတွေကို တိုက်ခိုက် သတ်ဖြတ် ခဲ့ကြတဲ့ သတင်း ဖော်ပြရာမှာ သေဆုံးသူ တွေကို မွတ်ဆလင် ကုလားလို့ အစိုးရ သတင်း ဌာနတွေက သုံးနှုန်း ခဲ့တဲ့အတွက် ရန်ကုန် ဆူးလေ ဗလီနားမှာ အစ္စလာမ် ဘာသာဝင်တွေ မကျေမနပ် ဖြစ်ခဲ့ကြ တာဖြစ် ပါတယ်။

အစိုးရ သတင်းစာတွေ ထဲမှာ ဖော်ပြတဲ့ မွတ်ဆလင် ကုလား ဆိုတဲ့ ခေါ်ဝေါ် သုံးနှုန်း မှုဟာ သူတို့ကို နှိမ့်ချ ခေါ်ဝေါ်တာလို့ မွတ်ဆလင် တွေက ယူဆကြ ပါတယ်။

အခြေ အနေတွေ ပိုဆိုး မလာရအောင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ယောက်ဖြစ်သူ ကိုမြအေးက သွားရောက် ဖြန်ဖြေ ပေးခဲ့ ပါတယ်။

မြန်မာ နိုင်ငံမှာ ထုတ်ဝေတဲ့ နေ့စဉ် သတင်းစာတွေဟာ စစ်အစိုးရ ခေတ် အဆက်ဆက်မှာ အစိုးရ ရဲ့ အာဘော်ကို ထင်ဟပ်စေတဲ့ သတင်းတွေကိုသာ ရေးသား လေ့ ရှိတယ်လို့ အများက ယူဆခဲ့ကြတာပါ။

သတင်းစာ တွေမှာ စကားလုံး အသုံး အနှုန်း တွေကို အမြဲတမ်း အသေ အချာ စိစစ် ပြီးမှ ရေးသား ထုတ်ပြန်လေ့ ရှိတယ် ဆိုတာလည်း အများ အသိ ဖြစ်ပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဌာန ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ် ကတော့ သူတို့ အနေနဲ့ တမင် ရည်ရွယ် ရေးတာ မဟုတ်ကြောင်းနဲ့ ဖြစ်ပျက်ပုံကို ပြည်သူတွေ ချက်ချင်း သိအောင် သတင်း ထုတ်ပြန်ဖို့ ကြိုးပမ်း ရာမှာ အချိန် မရတဲ့ အတွက် စကားလုံးတွေကို တိတိကျကျ စိစစ်ဖို့ အားနည်း သွားခဲ့ရတယ် ဆိုတာ ဝန်ခံ ပြောဆို ပါတယ်။

အရင်ကဆို အခုလို သတင်းမျိုးကို အချိန်ယူပြီးမှ ထုတ်ပြန်လေ့ ရှိတာ ဖြစ်ပြီး အခုလို ချက်ချင်း ထုတ်ပြန်တဲ့ နေရာမှာ အတွေ့အကြုံ အားနည်းလို့ ဖြစ်ရတဲ့ အကြောင်းနဲ့ နောက်နေ့ထုတ် သတင်းစာတွေမှာ ပြင်ဆင်ချက် ထုတ်ပြန်သွားမယ်၊ အခုလည်း ဝက်ဘ်ဆိုက်မှာ ပြင်ဆင်ချက် ထုတ်ပြန် ထားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

အခု လောလောဆယ် တောင်ကုတ်မြို့မှာ အခြေ အနေ ပုံမှန် အတိုင်း အေးချမ်းချမ်း ရှိနေတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။