နောက်ဆုံး ရေးသားချိန် 27 မေလ 2012 - 16:36 GMT

အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံ ခရီးစဉ် စတင်

၂၅ နှစ် အတွင်း အိန္ဒိယ ဝန်ကြီးချုပ် တဦးရဲ့ ပထမဦးဆုံး ခရီးစဉ် ဖြစ်

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ် အဖြစ် တနင်္ဂနွေနေ့ ညနေပိုင်းမှာ နေပြည်တော်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်တဦး အနေနဲ့ နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဦးဆုံး လာရောက်တဲ့ ခရီးစဉ် ဖြစ်ပြီး မနက်ဖြန် တနင်္လာနေ့ မှာတော့ မစ္စတာ ဆင်းဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာတော့ သူဟာ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ဆွေးနွေးကြတဲ့ အခါ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ စွမ်းအင်၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနဲ့ အိုင်တီ နည်းပညာ ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မြန်မာသမ္မတသစ် ဦးသိန်းစိန်ရဲ့ အိန္ဒိယခရီးစဉ် အတွင်းမှာ သဘောတူ လက်မှတ်ထိုးခဲ့တဲ့ ထမံသီရေကာတာ ရေအားလျှပ်စစ် စီမံကိန်းကိစ္စ၊ ကုလားတန်မြစ် စီမံကိန်း ကိစ္စတွေ ပါဝင်ပြီးတော့ အိန္ဒိယနိုင်ငံက ပေးအပ်မယ့် နည်းပညာ ဆိုင်ရာ ထောက်ပံ့မှုတွေ ကျန်းမာရေး ပညာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို ဆက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကမ်းလွန် သဘာဝ ဓာတ်ငွေ့ကိစ္စနဲ့ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်တွေ အတွက်လည်း နှစ်ဖက် ခေါင်းဆောင်တွေ သဘာတူ လက်မှတ် ရေးထိုးကြမယ်လို့ မျှော်လင့်ရပါတယ်။

ဒါအပြင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်တခု ဖြစ်တဲ့ မဏိပူ ပြည်နယ် အင်ဖားကနေ မန္တလေးမြို့ ကို တိုက်ရိုက်ဘတ်စ်ကား ပြေးဆွဲမယ့် အစီအစဉ်တွေလည်း အကောင်ထည်ဖေါ်ဖို့ ရှိတယ်လို့သိရပါတယ်။

ဒီအင်ဖား မန္တလေးလမ်းဟာ အိန္ဒိယရဲ့ မဟာဗျူဟာဖြစ်တဲ့ တရုတ်နဲ့ထိုင်းက တဆင့် အာဆီယံ အဆင့်ထိ ကုန်သွယ်နိုင်ဖို့ အိန္ဒိယဘက်က မျှော်မှန်းထားတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

အခုလို အိန္ဒိအစိုးရဘက်က အဆင်သင့် ဖြစ်ပေမယ့် မြန်မာအစိုးရဘက်က အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ အိန္ဒိယဝန်ကြီးချုပ်ရဲ့ မြန်မာပြည် ခရီးစဉ်အပြီးမှ သိရှိရမယ်လို့ နိုင်ငံရေးဝန်ကြီး ဌာန အတွင်းဝန်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းရဲ့ ခရီးစဉ်မှာ ဒီလိုကိစ္စတွေ အပြင် အိန္ဒိယတောင်ပိုင်း ချန်နိုင်းနှင့် ကာလကတ္တား ကနေ ရန်ကုန်ကို ခရီးသည်တင် သင်္ဘော ပြေးဆွဲရေး၊ အိန္ဒိယ မြန်မာ နှစ်နိုင်ငံ လေကြောင်းလိုင်းများ တိုးချဲ့ ပျံသန်းရေးတွေလည်း ဆွေးနွေးပြီး သဘောတူညီမှုတွေ ရယူကြမယ်လို့ သိရပါတယ်။


နေလင်း

ထိပ်တန်းသတင်းများ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။