နောက်ဆုံး ရေးသားချိန် 23 မေလ 2012 - 18:11 GMT

The Voice သတင်းထောက်အမည် ဖေါ်ဖို့ လျှောက်ထားမှု ပယ်ချ

သတ္တုတွင်း ဝန်ကြီးဌာနမှာ ငွေအလွဲသုံးမှုတွေ ရှိနေတယ်လို့ The Voice မှာ ဖေါ်ပြခဲ့

The Voice Weekly ဂျာနယ်ရဲ့ သတင်း ဖေါ်ပြချက်တခုနဲ့ ပတ်သက်လို့ သတ္တုတွင်း ဝန်ကြီးဌာနကနေ အသရေ ဖျက်မှုနဲ့ တရား စွဲဆိုထားရာမှာ သတင်း ရေးသားသူကို ဖေါ်ထုတ်ပေးဖို့ သတ္တုတွင်း ဝန်ကြီးဌာနရဲ့ တင်ပြ လျှောက်ထားမှုကို ဒဂုံမြို့နယ် တရားရုံးက ဗုဒ္ဓဟူးနေ့က ပယ်ချလိုက်ပါတယ်။

သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန တချို့မှာ ကျပ်သိန်း ထောင်ချီ အလွဲသုံးစားမှုတွေ ရှိနေတယ် ဆိုတဲ့ The Voice Weekly ဂျာနယ်ရဲ့ ဖေါ်ပြချက်နဲ့ ပတ်သက်လို့ The Voice Weekly ဂျာနယ်ကို သတ္တုတွင်း ဝန်ကြီး ဌာနကနေ အသရေ ဖျက်မှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပြီး ဒီသတင်း ရေးသားခဲ့သူ သတင်းထောက်ရဲ့ အမည်ကို ဖေါ်ထုတ်ပေးဖို့ တောင်းဆို လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ပဉ္စမမြောက် ရုံးချိန်း ဖြစ်တဲ့ အဲဒီ ဗုဒ္ဓဟူးနေ့ ရုံးချိန်းမှာ တရားသူကြီးက စာနယ်ဇင်း ကျင့်ဝတ်နဲ့ ဥပဒေကြောင်းအရ အယ်ဒီတာချုပ်အနေနဲ့ သတင်း ရေးသားသူ အမည်ကို မဖေါ်ပြပဲ နေပိုင်ခွင့် ရှိကြောင်း၊ တရားလိုဘက်က အဲဒီ သတင်းထောက်ကို တရားစွဲလိုရင် သတင်းထောက် ဘယ်သူ ဘယ်ဝါ ဆိုတာကို ကိုယ့်ဖာသာကိုယ် စုံစမ်း တရားစွဲဆိုနိုင် ကြောင်း ပြောပြီး သတ္တုတွင်း ဝန်ကြီးဌာနရဲ့ လျှောက်ထားမှုကို ပယ်ချလိုက်တာ ဖြစ်ပါတယ်။

တရားရုံးရဲ့ ဒီစီရင်ချက်ကို ကြည့်ခြင်းအားဖြင့် တရားစီရင်ရေး မဏ္ဍိုင်အနေနဲ့ စာနယ်ဇင်း ကျင့်ဝတ်အပေါ် အလေးထားလာတဲ့ လက္ခဏာမျိုးလို့ ပြောနိုင်သလို ဥပဒေနဲ့ အညီ စီရင် ဆုံးဖြတ်ခဲ့တာလို့ ပြောနိုင်ကြောင်း၊အရင်ကဆို အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးပိုင်း ပေါ်မှာ စွက်ဖက်မှုတွေ ရှိနေပြီး အုပ်ချုပ်ရေးပိုင်းရဲ့ ညွန်ကြားချက်အရ တရားစီရင် ရတာမျိုး တွေ ရှိခဲ့ကြောင်း၊ အခု စနစ် ပြောင်းသွားတဲ့အခါ ဒါမျိုး မရှိတော့ဘူးလို့ ပြောနိုင်ကြောင်း The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဘီဘီစီကို ပြောပါတယ်။

ပင်မ တရားစွဲဆိုမှု ဖြစ်တဲ့ အသရေ ဖျက်မှု စွဲချက်နဲ့ ပတ်သက်လို့တော့ ဇွန်လ ၆ရက်နေ့မှာ နှစ်ဘက် ရှေ့နေတွေ လျှောက်လဲကြရမယ်လို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။