နောက်ဆုံး ရေးသားချိန် 14 မေလ 2012 - 16:58 GMT

တောင်ကိုရီးယား သမ္မတ မြန်မာပြည် ရောက်

Burmese President and South Korea Counterpart

တောင်ကိုရီးယား သမ္မတနဲ့ နှစ်နိုင်ငံ အရေး ဆွေးနွေး ခဲ့ကြ

နှစ်ပေါင်း ၃၀ နီးပါး အတွင်း တောင်ကိုရီးယား သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ် အဖြစ် သမ္မတ လီမြောင်ဘတ် မြန်မာ နိုင်ငံကို တနင်္လာ နေ့က ရောက်ရှိ လာခဲ့ပါတယ်။

၁၉၈၃ ခုနှစ် တုန်းက နောက်ဆုံး အကြိမ် လာရောက်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ် အတွင်းမှာ မြောက်ကိုရီးယား နိုင်ငံ ဘက်က ဗုံးခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အတွက် သမ္မတ ချမ်ဒူးဝှမ် အသက်ဘေးကနေ သီသီလေး လွတ်မြောက် ခဲ့ပေမဲ့ အစိုးရ အဖွဲ့ ဝန်ကြီး လေးယောက်နဲ့ သံတမန် အတော် များများ သေဆုံး ခဲ့ရ ပါတယ်။

ဒါကြောင့် အခု တကြိမ် သမ္မတ လီမြောင်ဘတ်ရဲ့ ခရီးစဉ်ကို ကြိုတင် ကြေညာ ခဲ့ခြင်း မရှိခဲ့ပါဘူး။

သမ္မတ လီမြောင်ဘတ်ရဲ့ နှစ်ရက်ကြာ ခရီစဉ် အတွင်းမှာ တနင်္လာ နေ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စတွေ ဆွေးနွေး ခဲ့ကြတယ်လို့ မြန်မာ သမ္မတ ရဲ့ ပြန်ကြားရေး ဝက်ဘ်ဆိုက်မှာ ဖော်ပြထား ပါတယ်။

တောင်ကိုးရီးယား သမ္မတ လီ မြောင်ဘက်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ လာရောက် တာဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးပို ခိုင်မာအောင် လုပ်ဖို့ ဖြစ်တယ်လို့ တောင်ကိုးရီးယား သမ္မတရုံးက ခရီးစဉ် မတိုင်ခင် ထုတ်ပြန် တဲ့ ကြေငြာချက် ထဲမှာ ဖေါ်ပြ ထားပါတယ်။

တောင်ကိုးရီးယား သမ္မတနဲ့ အတူ အဆင့်မြင့် အစိုးရ အရာရှိကြီးတွေ နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ လိုက်ပါလာတဲ့ အတွက် နှစ်နိုင်ငံ ဆွေးနွေးကြရာမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှု ကိစ္စက အဓိက ဖြစ်လိမ့်မယ်လို့ ယူဆရ ပါတယ်။

သံတမန်ဟောင်း တစ်ယောက် ဖြစ်သူ သခင်ချန်ထွန်း ကတော့ အခု သမ္မတ လီမြောင်ဘတ်ရဲ့ မြန်မာ ခရီးစဉ်ဟာ စီးပွားရေး အရ အထိုက် အလျောက် ဖွံ့ဖြိုး တိုးတက်တဲ့ တောင်ကိုရီးယား နိုင်ငံ အနေနဲ့ အင်အားကြီး နိုင်ငံ ဖြစ်လိုတဲ့ အတွက် အထူးသဖြင့် အာရှ ဒေသမှာ မိတ်ဘက် နိုင်ငံ ရှာတဲ့ သဘော ဖြစ်တယ်လို့ မြင် ပါတယ်။

တောင်ကိုးရီးယားဟာ မြန်မာ နိုင်ငံမှာ စတုတ္ထ အကြီးဆုံး ရင်းနှီးမြှုပ် နှံသူ ဖြစ်ပါတယ်။

၂၀၁၀နဲ့ ၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်း ဒေါ်လာ ၂ ဒဿမ ၆ ဘီလျံ ကျော် ရင်းနှီးမြှုပ်နှံ ခဲ့တယ်လို့ မြန်မာ နိုင်ငံ စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်း ဇယားတွေ အရ သိရပါတယ်။

သမ္မတ လီမြောင်ဘတ်ဟာ အင်္ဂါ နေ့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး အာဇာနည် ဗိမာန် ကိုလည်း သွားရောက် မယ်လို့ သိရ ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။