နောက်ဆုံး ရေးသားချိန် 10 မေလ 2012 - 00:33 GMT

ဗကသ အဖွဲ့ချုပ် ရှေ့ရေး ဆွေးနွေး

_bakatha_

ဗကသ အဖွဲ့ချုပ် ထူထောင်နိုင်ရေး ဆွေးနွေး

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် (ဗကသ) ဖြစ်မြောက်ရေး အတွက် ဗဟိုစည်းရုံးရေး ကော်မတီဝင် တွေ ဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင် နဲ့ မဖြိုးဖြိုးအောင် တို့ဟာ မေလ ၉ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေး ကြပါတယ်။

အစိုးရ ဖက်ကနေ ဗကသ ဖွဲ့ခြင်းဟာ တရားမဝင်ဘူး လို့ နယ်တွေမှာ ဖိအားပေး ပြောဆိုမှု တွေ ရှိနေကြောင်း ပြောပြတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ကျောင်းသား သမဂ္ဂ ဆိုတာ ရှိစမြဲ ဖြစ်တဲ့ အကြောင်း၊ ဒီ ကျောင်းသား သမဂ္ဂ ဆိုတာ နိုင်ငံရေး ပါတီ လည်း မဟုတ်တဲ့ အတွက် မှတ်ပုံလည်း တင်စရာ မလိုဘူး လို့ ရှင်းပြပုံ ကို ကိုလင်းထက်နိုင် က ဘီဘီစီ ကို ပြောပြပါတယ်။

ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတကာ မှာ ရှိတဲ့ ကျောင်းသားတွေ ဘယ်လို သမဂ္ဂ ဖွဲ့ကြတယ် ဆိုတာကို လေ့လာနိုင်အောင် ကူညီမယ့် အကြောင်း၊ ဉပဒေ ရေးရာ အရလည်း ကူညီမယ့် အကြောင်း ပြောတာကို ကိုလင်းထက်နိုင် က ဘီဘီစီ ကို ပြောပြပါတယ်။

ကျောင်းသား သမဂ္ဂ ဆိုတာဟာ နိုင်ငံတခု ရဲ့ ပညာရေး အဆင့်အတန်း မြင့်မားရေး၊ စာသင်ပေး တဲ့ ဆရာ ဆရာမ တွေ အရည်အချင်း အပြည့်အဝ နဲ့ ပညာသင်ကြား ပေးနိုင်ရေး စတာတွေ အကောင်အထည် ဖေါ်ပေးနိုင်ပုံ ကို ဖင်လန် နိုင်ငံ ရဲ့ ပညာရေး စနစ် နဲ့ ဉပမာပေး ပြောဆိုပုံ လည်း ကိုလင်းထက်နိုင် က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကောက်ချက် စကား ကို ရှင်းပြပါတယ်။

ဗကသအဖွဲ့ တွေ အခုဆိုရင် ခရိုင် အဆင့်မှာ ၁၃ ခု၊ မြို့နယ် အဆင့်မှာ ၂၀ ဝန်းကျင် ဖွဲ့ပြီးကြောင်း၊ မကြာခင် ကျောင်းသား သမဂ္ဂ ညီလာခံ ဖြစ်အောင် ရည်ရွယ်ထားကြောင်း လည်း ကိုလင်းထက်နိုင် က ပြောယင်း ရွှေလောင်း၊ ဝါးခယ်မ နဲ့ ပခုက္ကူ ဘက် မှာ သက်ဆိုင်ရာ က ဖိအားပေးမှု ရှိပုံ တွေ ရှင်းပြပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။