နောက်ဆုံး ရေးသားချိန် 27 ဧပြီလ 2012 - 23:21 GMT

ကမ္ဘာ့ဘဏ် မြန်မာနဲ့ ဆက်ဆံမှု ပြန်စမည်

world bank

ဇွန်လမှာ ကမ္ဘာ့ဘဏ် ရုံးခန်း ပြန်လာဖွင့်မည်။

မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီး မြှတ်နှံမှုတွေ လာလုပ်နိုင်အောင် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို မကြာခင်က ပြန်ဖွင့်ပေးလိုက်ပြီးနောက် ခု နောက်ဆုံး ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးမှုဘဏ် တို့ကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြန် လုပ်ဖို့ ပြင်နေတဲ့ သတင်းတွေ ထွက်လာခဲ့ ပါတယ်။

ကမ္ဘာ့ဘဏ်က ရန်ကုန်မှာ ဇွန်လထဲ ရုံးခန်း တခု ဖွင့်ပြီး စီးပွားရေး ဆိုင်ရာ အချက်အလက်တွေကို စတင် ကောက်ယူ စုဆောင်းမယ်လို့ ကြေညာလိုက်ပြီး ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသ ဌာန ဒုတိယ ဥက္ကဌ ပမင်လာ ကောက်စ လည်း ရန်ကုန်ကို ဇွန်လမှာ လာရောက်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်ကို ဆပ်စရာ ရှိတဲ့ အကြွေးတွေ ဆပ်ပြီးမှသာ ပိုက်ဆံ အသစ်ချေးမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံဟာ ကမ္ဘာ့ဘဏ်ကို ဆပ်စရာ အကြွေး ကန်ဒေါ်လာ သန်းလေးရာ နီးပါး ရှိနေပြီး ဒီအကြွေးတွေကို ဆပ်နိုင်အောင် မြန်မာ အစိုးရ အနေနဲ့ ဘာတွေ လုပ်ဆောင်သင့်သလဲဆိုတာ ကမ္ဘာ့ဘဏ်က လာအကြံ ပေးမှာ ဖြစ်ပါတယ်။

အလားတူပဲ အေဒီဘီ အာရှ ဖွံ့ဖြိုးမှုဘဏ်ကလည်း မြန်မာနိုင်ငံကို ပိုက်ဆံပြန်ချေးဖို့ ပြင်ထား ပေမယ့် မြန်မာ အစိုးရက ဆပ်စရာ ရှိတဲ့ အကြွေး ဒေါ်လာ သန်းငါးရာကို ပြန်ဆပ်ပြီးတော့မှ ကြွေးသစ်ချဖို့ စဉ်စားမယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံတွေထဲ တနိုင်ငံ အပါအဝင် ဖြစ်ပြီး တိုင်းပြည်ရဲ့ တနှစ်ဝင်ငွေစာနဲ့ ညီမျှတဲ့ အကြွေးတွေကို ဆပ်ရတော့မယ် ဆိုရင် ဒီ ပိုက်ဆံတွေကို တိုင်းပြည် ရေရှည် ဖွံ့ဖြိုးဖို့ တကယ် လိုအပ်တဲ့ နေရာတွေမှာ သုံးနိုင်မှာ မဟုတ်တဲ့ အတွက် ရေရှည် ဖွံ့ဖြိုးရေးကို အထောက်အကူ ထိခိုက်နိုင်မလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။

ချင်းမိုင် တက္ကသိုလ်က စီးပွားရေး ကထိက ဦးဇော်ဦးကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပေါ်လစီတွေ မှန်မှန် ကန်ကန် ချမှတ်နိုင်မယ်ဆိုရင် ဖွံ့ဖြိုးရေးသာမက ဒီအကြွေး ကိစ္စကိုပါ ရှင်းနိုင်မယ်လို့ ထင်မြင်ချက် ပေးပါတယ်။

အရင်ဆုံး ကမ္ဘာ့ဘဏ်က နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ စပေးပြီး မြန်မာနိုင်ငံ တင် ရှိနေတဲ့ အကြွေးတွေကို ဆပ်နိုင်အောင် လုပ်ဆောင်သင့်တာတွေကို အကြံပေးမှာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ဂျပန် နိုင်ငံက မြန်မာနိုင်ငံက ဆပ်စရာ ရှိတဲ့ အကြွေး ဒေါ်လာ သန်း သုံးထောင့် ခုနှစ်ရာနဲ့ ညီမျှတဲ့ ယန်းငွေ အကြွေးတွေကို လျှော်ပစ်ပေးခဲ့ပါတယ်။

ဒါတောင်မှ မြန်မာ နိုင်ငံဟာ ဂျပန်ကို ဆပ်စရာ အကြွေး ဒေါ်လာ သန်းသုံးထောင် နီးနီး ကျန်ရှိနေသေးသလို တရုတ်နဲ့ ဆက်ဆံရေး ကောင်းမွန်နေတဲ့ မြန်မာနိုင်ငံရဲ့ အကြွေးတွေကို လျှော်ပစ်ရာမှာ ဒီအချက်ကို ထည့်စဉ်းစားနိုင်တယ်လို့ ယူဆရပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။