နောက်ဆုံး ရေးသားချိန် 3 ဧပြီလ 2012 - 16:50 GMT

အီးယူနိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေး ဧပြီလကုန်မှာ ဆွေးနွေးဖွယ်ရှိ

အီးယူ သမဂ္ဂအလံ

အီးယူ သမဂ္ဂအလံ

ဧပြီလ ၂၃ ရက် လက်ဇင်ဘတ် နိုင်ငံမှာ ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်မယ်လို့ အီးယူနိုင်ငံခြားရေးမူဝါဒ ရုံးပြောခွင့်ရ မစ္စ ကိုအီယန်ချစ်က ဆိုပါတယ်။
ရွေးကောက်ပွဲ ကျင်းပပုံနဲ့ တခြား ပြုပြင် ပြောင်းလဲရေး တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ ဆုံ ဆွေးနွေးမှု၊ လူမျိုးစု လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး အဖြေရှာမှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု စတာတွေကို သုံးသပ် စဉ်းစားမယ်လို့ သူက ဆိုပါတယ်။


မနှစ်က ထဲက စတင်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဥရောပ သမဂ္ဂက ဆက်လက် ကြိုဆို ထောက်ခံ သွားမယ်လို့လည်း ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ မစ္စကက်သရင်း အက်ရှတန်က ပြောကြား ခဲ့ပါတယ်။


ပိတ်ဆို့မှုတွေ ဖွင့်ပေးမယ်ဆိုရင် လက်နက် တင်သွင်းခွင့်၊ သစ်ခုတ်လှဲခွင့်နဲ့ သတ္တုတူးဖော်ခွင့် ပိတ်ပင်ထားတာတွေ၊ လူပုဂ္ဂိုလ် တယောက်ချင်း အလိုက် စီးပွားရေး ပိတ်ဆို့ ထားတာတွေကို ပြန် ရုပ်သိမ်း ပေးပြီး ဖွံ့ဖြိုးမှု အထောက်အပံ့ တွေလည်း ပေးသွားမှာ ဖြစ်ပါတယ်။


နိုင်ငံခြားရေး ဝန်ကြီးတွေဆီက အပြုသဘော ထင်မြင်ချက် ပေးမယ် မျှော်လင့်ပေမယ့် လောလောဆယ်တော့ ဘယ်လို ပြောင်းလဲရေးတွေ လုပ်မယ် မပြော နိုင်သေးဘူးလို့ မစ္စ ကိုအီယန်ချစ်က ပြောကြား သွားပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အောင်မြင်မှုကို ကြိုဆိုကြောင်း သူက ဆက်ပြော ပါတယ်။ မမှန်ကန်တာ တွေ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အစီအစဉ်တကျ ပီးဆုံးသွားခဲ့ပီး အစိုးရ ပြောတဲ့ ကတိတည်တဲ့ အတွက် ကျေနပ်တယ်လို့လည်း ဆိုပါတယ်။ ဒီ အစည်းအဝေး အပီးမှာ ကက်သရင်း အက်ရှ်တန် မြန်မာပြည်ကို သွားလိမ့်မယ်လို့ ရွေးကောက်ပွဲ မတိုင်ခင်က ထုတ်တဲ့ ဥရောပ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ ကမ္ဗောဒီးယား အစိုးရကလည်း ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို ပိတ်ဆို့ ထားတာတွေ ပြန်ဖွင့်ပေးဖို့ ဧပြီ ၂၇ ရက်မှာ ကျင်းပမယ့် အာစီယံနဲ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ တောင်းဆိုမယ်လို့ သတင်းရရှိပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။