
ကိုမင်းကိုနိုင် နဲ့ အဖွဲ့ မန္တလေး မြို့ခံတွေ နဲ့ တွေ့
မြန်မာနိုင်ငံ အထက်ပိုင်း က ဒေသခံ တွေနဲ့ တွေ့ရအောင် ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် တွေ ဟာ မန္တလေး ကို ရောက်ခဲ့ ပါတယ်။
မနေ့က မန္တလေး စျေးချိုတော် က စျေးသူ စျေးသား တွေနဲ့ တွေ့ဆုံခဲ့ သလို၊ မြို့မိ မြို့ဖ တွေနဲ့ သီးသန့် တွေ့ဆုံ ခဲ့ပြီး၊ သဘင် အနုပညာရှင် တွေနဲ့ လည်း သီးသန့် တွေ့ဆုံ ခဲ့ပါတယ်။
နှုတ်ခမ်းမွှေး ညီနောင် လို့ လူသိများတဲ့ လူရွှင်တော် ပါပါလေး တို့ အိမ်မှာ အနုပညာရှင် တွေနဲ့ တွေ့ကြတဲ့ အခါမှာ ကိုမင်းကိုနိုင်က အနုပညာရှင် တွေဟာ ပြည်သူလူထု အတွက် တိုက်ပွဲဝင်သူ တွေဖြစ်လို့ ဂုဏ်ယူတဲ့ အကြောင်း၊ ဦးပါပါလေး က ဘီဘီစီ ကို ပြောပြပါတယ်။
ပြည်သူကို စည်းရုံးရာ မှာလည်း စည်းကမ်း မဖေါက်ဖို့၊ အမှန်တရား ကို ပြောဖို့၊ တရားဉပဒေ လိုက်နာဖို့ တွေ မှာကြား ကြောင်း ဦးပါပါလေး က ရှင်းပြပါတယ်။ ဦးပါပါလေး ကိုယ်တိုင်လည်း ကိုမင်းကိုနိုင်နဲ့ တွေ့ရာမှာ ရင်ဘတ် နဲ့ ကျော မဝေး သလို ခံစားရကြောင်း၊ အနုပညာရှင် ဆိုတာ ပြည်သူ့လက်နက်၊ ပြည်သူ့အတွက် လို့ ပြောခဲ့ပုံ ရှင်းပြပါတယ်။
ကိုမင်းကိုနိုင် တို့ အဖွဲ့ဟာ မဟာဂန္ဓာရုံ၊ မစိုးရိမ် တိုက်သစ် စတဲ့ ဘုန်းကြီးကျောင်း တွေ သွားကြောင်း လည်း သိရပါတယ်။

