နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2012 - 15:04 GMT

ဒေါ်အောင်ဆန်းစုကြည် ကချင်ခရီးစဉ်စတင်

Aung San Suu Kyi

ဒေါ်အောင်ဆန်း စုကြည်ကို နယ် အစုံက လာကြို ခဲ့ကြ တယ် လို့ဆို

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ကြာသပတေး နေ့မှာ ကချင် ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ် အဖြစ် စတင် ရောက်ရှိနေ ပါတယ်။

သူဟာ မနက်ပိုင်းမှာ မြစ်ကြီးနားကို လေယာဉ်နဲ့ ရောက်ရှိ ခဲ့ပြီး နမ္မတီး နဲ့ မိုးကောင်း မြို့တွေဆီကို ဆက်လက် သွားရောက် ခဲ့ပါတယ်။

ညနေပိုင်းမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ အန်အယ်ဒီ ပါတီ ကိုယ်စားလှယ် ဒေါ်ခင်ကြည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် မိုးကောင်း မြို့နယ်မှာ မဲဆွယ် ဟောပြော ခဲ့ပါတယ်။

မိုးကောင်းမြို့က ဘောလုံးကွင်းမှာ ကျင်းပတဲ့ ဟောပြောပွဲကို ဖားကန့်၊ လုံးခင်း၊ နမ္မတီး နဲ့ မြစ်ကြီးနား အထိ အနယ်နယ် အရပ်ရပ်က လူတွေ လာရောက်ခဲ့ကြ တယ်လို့ မိုးကောင်းမြို့သူ မသီရိသွင်က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က အန်အယ်ဒီ ပါတီ အနေနဲ့ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်း တွေကို ဘယ်လို ရွေးချယ် ခဲ့တယ် ဆိုတာကို ရှင်းပြ ခဲ့ပြီး ပြည်သူတွေ အနေ နဲ့လည်း ဘယ် ကိုယ်စားလှယ် ကို ဖြစ်ဖြစ် မေးခွန်း ထုတ်သင့်တယ် လို့ ဟောပြော ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိခဲ့တဲ့ ခရီးလမ်း တလျှောက် လူအများအပြားက ထွက်ပြီး ကြိုဆိုခဲ့ကြသလို မြစ်ကြီးနားလေဆိပ်မှာလည်း လူပင်လယ်ကြီးလို ထင်ရလောင်အောင် လူတွေ လာရောက်ခဲ့ကြတယ်လို့ မြစ်ကြီးနားမှာရောက်ရှိနေတဲ့ မန္တလေးတိုင်း NLD စည်းရုံးရေးကော်မီတီဝင် ဒေါ်ဝင်းမြမြက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်မဲဆွယ် ဟောပြော ခဲ့တဲ့ မိုးကောင်း မြို့မှာ အန်အယ်ဒီ ပါတီ ကိုယ်စားလှယ် ဒေါ်ခင်ကြည် အပြင်၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ကျားဖြူ ပါတီ တို့က ကိုယ်စားလှယ် တွေလည်း အရွေးခံကြမှာဖြစ်ပြီး ၊ KIO ဒုတိယ ဥက္ကဌ ဟောင်း ဒေါက်တာ တူးဂျာ ကလည်း တသီး ပုဂ္ဂလ ကိုယ်စားလှယ် အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ ပါတီခေါင်းဆောင်ကို အဓိက မထားဘဲ လက်တွေ့ ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်း တွေအပေါ်မှာ အဓိက ထားပြီး ရွေးချယ် ကြမယ့် အနေအထားကို တွေ့ရကြောင်း ဒေါက်တာတူးဂျာက ဘီဘီစီကို ပြောခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။