နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2012 - 00:59 GMT

ရေရှည် ငြိမ်းချမ်းရေး KNU ဆက်ကြိုးစားမည်

KNU

ကရင် အမျိုးသား အစည်းအရုံးက တပ်ဖွဲ့များ

ကေအင်ယူ ကရင် အမျိုးသားအစည်းအရုံး နဲ့ မြန်မာ အစိုးရကြားမှာ ပြုလုပ်ထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ ငြိမ်းချမ်းရေး မဟုတ်ဘဲ စစ်မှန်ပြီး ရေရှည် တည်တံ့ခိုင် မြဲတဲ့ ငြိမ်းချမ်းရေး ရတဲ့ အထိ အဆင့်ဆင့် ဆောင်ရွက် သွားမယ်လို့ ကေအင်ယူက ပြောပါတယ်။

ကေအင်ယူ စခန်း တခုမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လာမယ့် မတ်လမှာ အစိုးရနဲ့ ထပ်မံ တွေ့ဆုံဖို့ ရှိတယ်လို့ ပြောပါတယ်။

နောက်ထပ် ဆွေးနွေးပွဲတွေမှာ နှစ်ဘက် စစ်တပ် နေရာ ချထားရေး ကိစ္စတွေကို ဆွေးနွေးပြီး ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး အဆင့်ကို လုပ်ဆောင်သွားမယ်လို့ ကေအင်ယူ အတွင်းရေး မှုး ၁ ဗိုလ်မှုး စောလှငွေက ဘီဘီစီကို ပြောပါတယ်။

အစိုးရနဲ့ ထပ်ဆွေးနွေးတဲ့အခါ တပ်ဘက် ဆိုင်ရာ ပုဂ္ဂိုလ်တွေ အပြင် ဗဟို ကော်မတီတွေက တာဝန် ရှိသူတွေလည်း ပါသွားမှာ ဖြစ်ပါတယ်။

လောလောဆယ် ကေအင်ယူနဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ဟာ ပဏာမ အဆင့်မှာဘဲ ရှိပြီး ခိုင်မာတဲ့ အဆင့်ရောက်အောင် ပြုလုပ်ပြီး နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံ ဖြေရှင်းဖို့ထိ ဆန္ဒ ရှိတယ်လို့ ပြောပါတယ်။

တခါ ဖေဖော်ဝါရီလ အစောပိုင်းက ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ကေအင်ပီပီ ကိုယ်စားလှယ် အဖွဲ့တို့ မကြာခင် လွိုင်ကော်မှာ ထပ်တွေ့ပြီး ဆွေးနွေးဖို့ ရှိပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။