
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိစ္စအတော်များများ ဆွေးနွေးခဲ့တယ်လို့ မစ္စတာ နမ်ဘီးယားပြော
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယား က ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်တာဟာ အပြုသဘော ဆောင်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ပိုမို ခိုင်မာ စေမယ်လို့ သူယုံကြည်ကြောင်း ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ နမ်ဘီးယားက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ အပြီးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုဟာ အပြုသဘော ဆောင်တဲ့ တွေ့ဆုံမှု ဖြစ်ပြီး ကိစ္စရပ် အတော်များများကို ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကုလသမဂ္ဂ အကဲခတ်တွေ စေလွှတ်ဖို့ အစီအစဉ် ရှိပါ သလား ဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးခွန်းကို မစ္စတာ နမ်ဘီးယားက သက်ဆိုင်ရာ နိုင်ငံတွေက တောင်းဆို မေတ္တာရပ်ခံမှသာ ကုလသမဂ္ဂ အကဲခတ်တွေ စေလွှတ်လေ့ ရှိကြောင်းနဲ့ သူသိရသလောက် ခုချိန်ထိ မြန်မာနိုင်ငံကို နိုင်ငံတကာ အကဲခတ်တွေ လာရောက်ဖို့ မေတ္တာ ရပ်ခံတာမျိုး မရှိသေးကြောင်း ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။
မစ္မတာ နမ်ဘီးယားရဲ့ ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်ပြီး နောက်ပိုင်း စတုထ္ထကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။
သူဟာ သောကြာနေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

