
စည်းရုံးရေး ခရီးစဉ် တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကို လူအများ က ကြိုဆိုကြ
NLD ရွေးကောက်ပွဲ ဝင်ရတဲ့ အကြောင်း တွေ ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲက ပြင်ဆင်သင့်တာ တွေ ကို ပြင်ဆင် နိုင်ဖို့ လည်းပါဝင် တယ် လို့ ဆိုပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ မှာ NLD ပါတီ ရဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ဦးဖြိုးမင်းသိန်း အတွက် လှည်းကူးမြို့နယ် အတွင်း မဲဆွယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပါတီ ရွေးကောက်ပွဲ ဝင်တဲ့ ရည်ရွယ်ချက် တွေ ထဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲက ပြင်ဆင်သင့်တဲ့ အချက် တွေ ကို ပြင်ဆင်ဖို့ ကြိုးစားတာ လည်း ပါဝင် တဲ့ အကြောင်း လူထု စုဝေးပွဲ မှာ ပြောခဲ့ တယ်လို့ ဘီဘီစီ ကို ဦးဖြိုးမင်းသိန်း က ပြောပြ ပါတယ်။
တခြားရည်ရွယ်ချက် တွေ ကတော့ တရားဥပဒေ စိုးမိုးရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ တွေ ဖြစ်ကြောင်းလည်း သူ က ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် နေတဲ့ လွှတ်တော် အမတ် နေရာ ၄၈ နေရာ အတွက် သာ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့ အတွက် NLD အကောင်းဆုံး ရလဒ် ရသည့်တိုင် လွှတ်တော် အတွင်း မှာ NLD အမတ်က အနည်းစု သာ ဖြစ်ဦးမှာ ပါ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြဇာ အရှိန်အဝါ ၊ အရည်အချင်းတွေ နဲ့ ဖွဲ့စည်းပုံ ပြင်ရေး ဆွဲဆောင် စည်းရုံးမှု တွေ အောင်မြင်နိုင်ပါတယ် လို့ ဦးဖြိုးမင်းသိန်း က ပြော ပါတယ်။

