
ယာယီနိုင်ငံကူးလက်မှတ် လျှောက်မထား သူတွေ ကိုတော့ သက်တမ်းတိုးပေးမှာ မဟုတ်
ထိုင်းနိုင်ငံမှာ အခုလကုန်ပိုင်း အလုပ် လုပ်ခွင့် သက်တမ်းကုန်တော့မယ့် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသား အလုပ် သမားတွေကို ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ကန့်သတ်ချက်နဲ့ သက်တမ်း ၄ လ တိုးပေးဖို့ရှိကြောင်း သိပါတယ်။
အလုပ်လုပ်ခွင့် သက်တမ်းကုန်တော့မယ့် အဲ့ဒီအလုပ်သမားတွေထဲက ၁ သိန်းကျော်ဟာ သက်ဆိုင်ရာနိုင်ငံတွေက ယာယီ နိုင်ငံကူး လက်မှတ်တွေ မရသေးတဲ့ လူတွေ ဖြစ်ကြပါတယ်။
သူတို့ကို ယာယီနိုင်ငံနိုင်ငံကူးလက်မှတ် မရသေးတဲ့ကာလအကြား အလုပ်သမားလက်မှတ် ကို ဇွန်လ ၁၄ ရက်နေ့အထိ သက်တမ်းတိုးပေးဖို့ ရှိတယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ် ခီးယန်းဖွန်က ရှင်းပြပါတယ်။
ယာယီနိုင်ငံကူးလက်မှတ် လျှောက်လွှာ တင်မထားတဲ့သူတွေကိုတော့ သက်တမ်းတိုးပေးမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
အခုအချိန်အထိတော့ ယာယီနိုင်ငံကူးလက်မှတ်ရထားတဲ့ အလုပ်သမား ၇ သိန်းကျော် ရှိပြီလို့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
မြန်မာအလုပ်သမားတွေကို နိုင်ငံသားစိစစ်ပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမယ့် ရုံးတွေကို ဘန်ကောက်၊ ချင်းမိုင် အပါအဝင် နေရာ ၅ နေရာမှာ အခုလကုန်ပိုင်း ရုံးဖွင့်ပြီး၊ လုပ်ပေးနိုင်မှာဖြစ်လို့ သက်တမ်းတိုးပေးထားတဲ့ ၄ လ အတွင်းမှာ အလုပ်သမား အားလုံးကို ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်မယ်လို့လည်း ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်း ပြောသွားပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ သက်ဆိုင်ရာနိုင်ငံကနေ ယာယီနိုင်ငံကူး လက်မှတ်နဲ့ တရားဝင် လာရောက် အလုပ်မယ့်သူတွေကိုဘဲ ထိုင်းက လက်ခံတော့မှာဖြစ်တယ်။
ရန်ကုန်ကနေ လေယာဉ်ပျံနဲ့ တိုက်ရိုက်လာရောက်နိုင်အောင်လည်း နှစ်နိုင်ငံ အစိုးရတွေ ပြင်ဆင်နေတယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ် ခီးယန်းဖွန်က ပြောပါတယ်။

