နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2012 - 15:35 GMT

EU ကော်မရှင်နာနဲ့ မြန်မာ သမ္မတ တွေ့ဖို့ရှိ

မစ္စတာ Piebalgs ဟာ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံမယ့် ပထမဆုံး EU ကော်မရှင်နာ ဖြစ်

ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဥရောပသမဂ္ဂ ကော်မရှင်နာ မင်းကြီး Andris Piebalgs ဟာ ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၄ ရက်နေ့ အထိ မြန်မာ နိုင်ငံကို သွားရောက်ဖို့ ရှိပါ တယ်။

သူ့ရဲ့ ခရီးစဉ်ဟာ EU ဥရောပ သမဂ္ဂ ကော်မရှင် နာ မင်းကြီး တစ်ယောက်ရဲ့ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ် မဟုတ်ပေမဲ့ သူဟာ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံမယ့် ပထမဆုံး ကော်မရှင် နာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရ တက်လာခဲ့ ပြီးတဲ့ နောက် နိုင်ငံရေး အရ ပြုပြင် ပြောင်းလဲမှုတွေကို EUက ထောက်ခံ ကြိုဆိုပြီး ဆက်လက် အားပေးသွားမယ်လို့လည်း ဥရောပ သမဂ္ဂရဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာ အစိုးရ အနေနဲ့ အမှန်တကယ် ပြုပြင် ပြောင်းလဲရေး လုပ်နေပါတယ် ဆိုတာကို ပြသနိုင်ဖို့ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတဖို့ အရေးကြီးတယ်လို့ မစ္စတာ Piebalgs က BBC World Today အစီအစဉ်နဲ့ တွေ့ဆုံ မေးမြန်း ခန်းမှာ ပြောပါတယ်။

တခါ မြန်မာ အစိုးရဘက်က ပွင့်လင်း မြင်သာတဲ့ လုပ်ဆောင်မှုတွေ ရှိနေသလို နောက်ထပ် ဆက်လက် လုပ်ဆောင်စရာတွေလည်း ကျန်နေသေးပြီး နိုင်ငံရေး အကျဉ်းသား တချို့ကို ပြန်လွှတ်ပေးဖို့ လိုနေသေးကြောင်း၊ ဒါကြောင့် သတိထား စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

EU ဘက်ကတော့ မြန်မာ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အခြေခံပြီး အပြုသဘော တုံ့ပြန် နေကြောင်း၊ မြန်မာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို ကြည့်ပြီး တဆင့်ချင်းစီ လိုက်လျောတာတွေ လုပ်နေရာမှာ မကြာသေးခင်ကပဲ မြန်မာအစိုးရအဖွဲ့ ထိပ်တန်း ခေါင်းဆောင် တချို့ကို EUက ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးခဲ့ကြောင်း မစ္စတာ Piebalgs က ပြောပါတယ်။

မြန်မာ နိုင်ငံမှာ အတိတ်က ဖြစ်ခဲ့တဲ့ လူ့ အခွင့် အရေး ချိုးဖောက်မှုတွေ ကို ထုတ်ဖော် အရေးယူဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်လို့တော့ အီးယူး ကော်မရှင်နာ မင်းကြီး က မြန်မာနိုင်ငံမှာ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင် ထူထောင် လာတာကို အားပေး ထောက်ခံကြောင်းနဲ့ အနာဂတ်မှာ တိုးတက်မှုတွေ ရှိလာအောင် EU အနေနဲ့ ကူညီ ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အတိတ်က ဖြစ်ခဲ့တဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ကိုလည်း ပြန်လည် ထုတ်ဖော် သင့်တယ်လို့ ယူဆကြောင်း ပြောသွား ပါတယ်။

တခါ ဒီကိစ္စမှာ မြန်မာ နိုင်ငံသားတွေ ကပဲ အဆုံးအဖြတ် ပေးသင့်တယ်လို့ ယူဆတယ်လို့ လည်း ဆိုပါတယ်။

ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဥရောပ သမဂ္ဂ ကော်မရှင်နာမင်းကြီး Andris Piebalgs က သူ့ရဲ့ မြန်မာ ခရီးစဉ် အတွင်းမှာ EU အကူအညီပေးရေး စီမံကိန်းတွေ အကောင်အထည် ဖော်ရေး မှာ အဓိက ပူးပေါင်း လုပ်ဆောင် နေကြသူတွေနဲ့ တွေ့ဆုံဖို့ ရှိပြီး EUက ရန်ပုံငွေ ထောက်ပံ့ ထားတဲ့ ဆေးခန်းတွေကိုလည်း သွားရောက်မယ် လို့ ပြောပါတယ်။

မစ္စတာ Piebalgs ဟာ မြန်မာနိုင်ငံမှာ လူသား ရင်းမြစ် ဖွံ့ဖြိုး တိုးတက် စေရေး အတွက် နည်းလမ်း ရှာဖွေ ဆွေးနွေးမယ့် ဖွံ့ဖြိုးရေး ပေါ်လစီ ဆိုင်ရာ ညီလာခံ ကို ဂျာမန်စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီးနဲ့ အတူ တက်ရောက်ပြီး မိန့်ခွန်း ပြောဖို့လည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီပေးတဲ့အနေနဲ့ EU က အမေရိကန် ဒေါ်လာ သန်း ၂၀၀ နီးပါး လာမယ့် ၂ နှစ် အတွင်း ပေးဖို့ ရှိပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။