နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2012 - 01:44 GMT

ကိုမိုးသီးဇွန်နဲ့ ဝန်ကြီး ဦးအောင်မင်းတွေ့ဆုံ

Moe Thee Zun

ကိုမိုးသီးဇွန်

၈ လေးလုံး လူထုဆန္ဒပြကြီး ဖြစ်တုန်းက ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားခဲ့တဲ့ ကိုမိုးသီးဇွန် ဟာ မြန်မာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့ ဘန်ကောက်မြို့မှာ အင်္ဂါနေ့ကတွေ့ဆုံခဲ့ပါတယ်။

အမေရိကန်မှာ နေထိုင်နေတဲ့ ကိုမိုးသီးဇွန်တို့ မြန်မာပြည် ပြန်မယ်ဆိုရင် ဘယ်လို အနေအထားတွေ ရှိမလဲဆိုတာကို ဆွေးနွေး မေးမြန်းခဲ့တယ်လို့ ကိုမိုးသီးဇွန်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ကိုမိုးသီးဇွန်တို့ကို အစိုးရအနေနဲ့ တရားဝင် ခေါ်တာမျိုးတော့ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

''အစိုးရက ဖွင့်ပေးတယ်ဆိုရင် ကျွန်တော်တို့က ပြန်သွားမှာပါ။ ပြန်လုပ်မှာပါ'' လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ လက်ရှိ နိုင်ငံရေး အခြေအနေ တွေကို ပဏာမ အနေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ သဘော ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြည်ပရောက် မြန်မာ အတိုက်အခံတွေက အစိုးရကို အယုံအကြည် မရှိသေးဘူး ဆိုတဲ့ အကြောင်း ကိုလည်း သူက ဦးအောင်မင်းကို ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

ကိုမိုးသီးဇွန်တို့ ပြောတဲ့ အခြေအနေတွေကို ဦးအောင်မင်းကလည်း သမ္မတကြီးဆီကို တင်ပြပေးမယ်လို့ ပြောခဲ့ကြောင်း ကိုမိုးသီးဇွန်က ပြန်ပြော ပြပါတယ်။

ကိုမိုးသီးဇွန်ဟာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို ထူထောင်ခဲ့ သူလည်းဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရကိုလက်နက်ကိုင်ပြီး တော်လှန်ခဲ့တဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ဥက္ကဌ အဖြစ်လည်း တာဝန် ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

ဦးအောင်မင်းဟာ အရင်နေ့တွေကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်ပရောက် မြန်မာအတိုက်အခံတွေ၊ တိုင်းရင်းသား အင်အားစု တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။