နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2012 - 01:20 GMT

ပြည်ပထွက်မယ့် သံဃာတော်တွေကို စိစစ်နေ

၂၀၀၇ သံဃာ့ လှုပ်ရှားမှုကြီးအတွင်း ရဟန်းသံဃာ အများအပြား ပါဝင်ခဲ့ကြ

မြန်မာနိုင်ငံမှာ ရှိတဲ့ ရဟန်းတော်တွေ ပြည်ပကို ထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် လုပ်တဲ့အခါမှာရော၊ သံရုံးတွေမှာ ဗီဇာ သွားလျှောက်တဲ့ အခါမှာပါ ပါတီနိုင်ငံရေး ကင်းရှင်းတယ် ဆိုတဲ့ သာသနာရေး ဦးစီးဌာနက ထောက်ခံချက်တွေ တောင်းခံ နေတဲ့အတွက် ရဟန်းတော်တွေ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

အထူးသဖြင့် အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေ က သံရုံးတွေမှာ ဗီဇာ သွားလျှောက်ရင် ရဟန်းတော်တွေအနေနဲ့ ပါတီနိုင်ငံရေး ကင်းရှင်း ကြောင်း ကတိ ဝန်ခံချက်တွေ ရေးရတယ်လို့ ရန်ကုန်မြို့မှာ သီတင်းသုံးနေတဲ့ ဦးဇင်း တပါးက ဘီဘီစီကို မိန့်ကြားပါတယ်။

နိုင်ငံကူးလက်မှတ် လျှောက်တဲ့ အခါမှာလည်း ပါတီ နိုင်ငံရေးနဲ့ ကင်းရှင်းကြောင်း မြို့နယ် ရပ်ကွက်နဲ့ သံဃာ့ကောင်စီရဲ့ ထောက်ခံချက်၊ ကျောင်းထိုင် ဘုန်းကြီးရဲ့ ထောက်ခံချက်၊ ရဲစခန်းရဲ့ ထောက်ခံချက်နဲ့ သာသနာ ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ချုပ်ရဲ့ ထောက်ခံချက်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။

သံဃာတော်တွေကို အခုလို တင်းကျပ် ကန့်သတ်မှုမျိုး မလုပ်သင့်ဘူးလို့လည်း အဲဒီဦးဇင်းက ပြောပါတယ်။

ကျန်းမာရေး အခြေအနေကြောင့် ပြည်ပထွက် ဆေးကုသခံမယ့် သံဃာတော်တွေအတွက် မလိုအပ်ပဲ နှောင့်နှေး ကြန့်ကြာမှုတွေ ကြုံနေကြရတယ်လို့လည်း ဆိုပါတယ်။

၂၀၀၇ သံဃာ့လှုပ်ရှားမှုကြီး ပြီးကတည်းက သံဃာတော်တွေအပေါ် အခုလို တင်းကျပ် ကန့်သတ်မှုတွေ လုပ်လာနေတာလို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။