
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က မြန်မာ အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို အရှိန်အဟုန်နဲ့ အထောင် အထည် ဖေါ်ဖို့အတွက် သမိုင်းဝင် အခွင့်အရေး တခုကို ရရှိထားပြီ ဖြစ်တယ်လို့ ပြောကြားလိုက် ပါတယ်။
မစ္စ မီရာ ကာရာဆူးလူး ဦးဆောင်တဲ့ IMF ရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ စီးပွားရေးကိစ္စ အကြံပြုဖို့ မြန်မာနိုင်ငံကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၂၅ ၇က်အနေ့ အထိလာရောက် လေ့လာ ဆွေးနွေးပြီးနောက် ကြေညာချက် ထုတ်ပြန်ရာမှာ အခုလို ဖေါ် ပြထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၁/၁၂ ဘဏ္ဍာနှစ် အတွက် စီးပွားရေး တိုးတက်မှု ၅ ဒဿမ ၅ ရာခိုင်နှုန်း ရှိနိုင်ကြောင်း နဲ့ လာမယ့် ၂၀၁၂/၁၃ ဘဏ္ဍာ နှစ် အတွက်တော့ စီးပွားရေး တိုးတက်မှု ၆ ရာခိုင်နှုန်းကျော် မျှော်လင့်နိုင်တယ်လို့ IMF က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ အတွက် ကြိုဆို ကြောင်း၊ ဒါပေမယ့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူတွေ လာနိုင်ဖို့ ဆိုရင် ငွေကြေး စနစ် အပါအဝင် ပြုပြင် ပြောင်းလဲ မှုတွေ ဆက်လက် လုပ်ဆောင်ဖို့ လိုကြောင်း IMF ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
နိုင်ငံတော် စီးပွားရေး တိုးတက်ရေးမှာ ပုဂ္ဂလိက လုပ်ငန်းတွေ ပိုမို ဖွဲ့ဖြိုး တိုးတက်လာအောင် အားသွန် ခွန်စိုက် လုပ် ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

