နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2011 - 00:52 GMT

ကချင်မှာ တိုက်ပွဲတွေ ပြင်းထန်

kachin

ကချင်မှာ တိုက်ပွဲတွေ ပြင်းပြီး မြို့တွေထဲထိ ဗုံးထောင်မှုတွေ ရှိနေ

ကချင် ပြည်နယ်ထဲမှာ မြန်မာ အစိုးရနဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေ ပိုကျယ် ပြန့်လာ၊ ပိုစိတ်လာတယ်လို့ သတင်းတွေ ရရှိပါတယ်။

အထူးသဖြင့် မိုးမောက်နဲ့ ဝိုင်းမော် မြို့နယ် တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေပြီး ခုနောက်ဆုံး ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ် ထိစပ်နေတဲ့ ဒေသတွေကိုပါ ကူးစက် လာပြီး တိုက်ပွဲတွေ နေ့စဉ် ရက်ဆက် ဖြစ်နေပါတယ်။

အစိုးရဘက်က ရဟတ်ယဉ်တွေပါ အသုံးပြု ထိုးစစ် ဆင်နေပါတယ်။

သောကြာနေ့က တရုတ် မြန်မာ နယ်စပ် လွယ်ဂျယ် မြို့နားက အစိုးရ တပ်စခန်းကိုစစ် သားတွေကို စစ်ရဟတ်ယဉ် သုံးစီးနဲ့ လေးကြိမ်လောက် ပို့ဆောင် ပေးခဲ့တယ်လို့ သတင်း ရပါတယ်။

တရက်ထဲမှာ နမ်းခမ်းကနေ ဆယ့်နှစ်မိုင်လောက် ဝေးတဲ့ မန်စီနားမှာ ကေအိုင်အေကနေ အစိုးရ စစ်ကြောင်းတွေကို နေရာ နှစ်နေရာမှာ တိုက်ခိုက်ခဲ့ပြီး ကေအိုင်အေ ရှေ့တန်း သတင်း ရပ်ကွက် အဆိုအရ လူဆယ့်ယောက် လောက်ထိ ကျဆုံးမှု ရှိတယ်လို့ သိရပြီး ဒေသခံ တွေကလည်း အကျ အဆုံး ရှိတယ်လို့ ဆိုပါတယ်။

တပ်မ ကိုးဆယ့်ကိုးက စစ်ကား ငါးစီးကို ကေအိုင်အေက တိုက်ခိုက်ရာမှာ နှစ်စီး လုံးဝ ပျက်သွားပြီး အကျ အဆုံး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်နဲ့ ကချင် ပြည်နယ် နယ်စပ်မှာ တပ်မ ကိုးဆယ့်ကိုးနဲ့ ရှစ်ဆယ့်ရှစ် တပ်ကူ တွေရောက်နေပြီး မြောက်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းက တပ်ရင်းပေါင်း ဆယ်ဂဏန်းထိ ရောက်နေပြီး ကေအိုင်အေ တပ်မဟာ ဌာနချုပ်ကို စီးဖို့ ပြင်ဆင်နေတာ ဖြစ်ကောင်း ဖြစ်နိုင် တယ်လို့ နယ်စပ်မှာ ခန့်မှန်း ပြောဆို နေပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။