နောက်ဆုံး ရေးသားချိန် 24 နိုဝင်ဘာလ 2011 - 16:34 GMT

မိုင်ဂျာယန်မှာ အဝါရောင် မိုးတွေရွာ

လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က နေ ၂၃ ရက်နေ့ အထိ မိုင်ဂျာယန် က ရပ်ကွက် တချို့မှာ အဝါရောင် မိုးတွေ ရွာတဲ့ အတွက် ဟင်းသီး ဟင်းရွက် တွေနဲ့ သောက်သုံးရေ တွေ မှာ အန္တရာယ် ဖြစ်မှာကို ဒေသခံတွေ စိုးရိမ် နေကြပါတယ်။

Yellow Rain in Mai JaYan

အဝါရောင် မိုးပေါက် တွေကို ဟင်းရွက်တွေ ပေါ်မှာ တွေ့ရ ( ကချင် သတင်းဌာန ဓါတ်ပုံ)

ဒေသခံ တစ်ယောက်က သွားကြည့်တဲ့ အခါ အိမ် ခေါင်မိုးတွေ ပေါ်မှာ နဲ့ သစ်ပင် သစ်ရွက်တွေပေါ်မှာ အဝါရောင် အစက် အပြောက် တွေ တွေ့ရ တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တမြို့လုံးကို လှည့်လည် သွားကြည့်တဲ့ အခါမှာလည်း နေရာ အနှံ့မှာ အလားတူ ဖြစ်နေတာ တွေ့ရတယ်လို့ မြို့ခံ တစ်ယောက် ဖြစ်တဲ့ ကိုနော်မိုင်က ပြောပါတယ်။

မြေပြင်နဲ့ သစ်ရွက်တွေ ပေါ်မှာ တင်ကျန်ရစ်တဲ့ မိုးပေါက်တွေဟာ အရောင် အဆင်း အားဖြင့် သနပ်ခါးရောင် အရင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဝါရောင် မိုးစက် မိုးပေါက်တွေလို ကျခဲ့တဲ့ အချိန်က ကောင်းကင်မှာ မိုးအုံ့ နေတာ မဟုတ်ဘဲ နေသာ နေတယ်လို့ ကိုနော်မိုင်က ပြောပါတယ်။

သွပ်မိုး အိမ်တွေ မှာ မိုးပေါက်တွေ ကျလာတဲ့ အသံတွေကို ကိုယ်တိုင် ကြားခဲ့ ရပြီး အပြင်ထွက်ကြည့်တဲ့ အခါ အဝါရောင် အစက် အပျောက်တွေ တွေ့ရတယ်လို့ သူက ဆက်ပြော ပါတယ်။

အခုလို သနပ်ခါးရောင် မိုးပေါက်တွေ ရွာသွန်းတာ ဘာကြောင့် ဆိုတာ မသိရသေးပေမဲ့ ဒေသခံတွေကတော့ ဒါဟာ လေယာဉ် ပေါ်ကနေ ကျဲချတာ ဖြစ်တယ်၊ ဓါတု အငွေ့တွေ ဖြစ်တယ် စသဖြင့် ပြောဆို နေကြတယ်လို့လည်း ကိုနော်မိုင်က ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။