နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2011 - 16:39 GMT

ရွေးကောက်ပွဲပြီး ကချင်မှာ မတိုးတက်သေးလို့ ဆို

KIA

ကတုတ်ကျင်းပြင်နေတဲ့ KIA တပ်သားများ

ရွေးကောက်ပွဲပြီးနောက်ပိုင်း ကချင် ပြည်နယ်တွင်းမှာ နိုင်ငံရေးရော၊ တိုင်းရင်းသား အရေးတွေမှာပါ အခြေအနေတွေ ပိုဆိုးလာ တယ်လို့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဘက်က ပြောပါတယ်။

ရွေးကောက်ပွဲ မစခင်ကတည်းက မြန်မာအစိုးရကနေ နယ်ခြားစောင့်တပ်ထဲ ဝင်ခိုင်းတဲ့ အပေါ် မြန်မာအစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေကြား တင်းမာမှုတွေ ရှိခဲ့ရာက ဇွန်လ ၉ ရက်နေ့က စလို့ တိုက်ပွဲတွေ ပြင်းထန် လာခဲ့ပါတယ်။

တိုက်ပွဲတွေ တဖြည်းဖြည်းများလာပြီး အောက်တိုဘာလ တလအတွင်းမှာပဲ ပစ်ခတ် တိုက်ခိုက်မှုဖြစ်ရပ်ပေါင်း ၁၈၀ လောက် ရှိတယ်လို့ (KIA) က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။

ကချင် ပြည်နယ် အစိုးရဘက်နဲ့ KIO/KIA တို့ကြား အစပိုင်းမှာ ဆွေးနွေး မှုတွေ ရှိခဲ့ပေမယ့် လတ်တလောကာလမှာတော့ ဆွေးနွေးပွဲတွေ မရှိတော့ပါဘူး။

တိုးတက်မှုတွေ မရှိသေးတဲ့ အကြောင်းရင်းတွေထဲမှာ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားတွေရဲ့တန်းတူအခွင့်အရေး တွေအပေါ် အစိုးရဘက်က သဘောထား နဲ့ နှစ်ဘက် အပြန်အလှန် အသိအမှတ်ပြုရေးကိစ္စတွေမှာ ရှင်းရှင်း လင်းလင်း မရှိတဲ့ ကိစ္စ တွေလည်း ပါဝင်တယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

လက်နက်ကိုင် တိုင်းရင်းသား ကိစ္စဟာ နိုင်ငံရေးပြဿနာဖြစ်လို့ နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ လိုအပ်နေပြီး အဲဒီလို မဖြေရှင်း နိုင်သေးရင်တော့ အပစ်အခတ် ရပ်စဲကြရင်တောင် ယာယီအပစ်ရပ်တာမျိုးပဲ ဖြစ်နိုင်မယ်လို့ သူက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။