နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2011 - 01:29 GMT

မန္တလေးတိုင်းမှာ လူရာကြီးဂဏန်း အစာဆိပ်သင့်

ubein_bridge

အမရပူရမှာ ရေကြီးမှုတွေ ဖြစ်ခဲ့

မန္တလေးတိုင်း အမရပူရမြို့မှာ အလှူ တခုက အစား အစာတွေ စားမိပြီး ဒေသခံ ၆၀၀ လောက် အော့အန် ဝမ်းလျောတာ တွေဖြစ်လို့ ဆေးရုံ ၃ ရုံနဲ့ ကုသိုလ်ဖြစ် ဆေးခန်းတွေမှာ ဆေး ကုသမှု ခံယူနေရ ပါတယ်။

အမရပူရမြို့ ကြံတန်း ရပ်ကွက်က ပွဲတော် ကျောင်း မှာလုပ်တဲ့ အလှူတစ်ခုက ကျွေးမွေး ဧည့်ခံတဲ့ ဒန်ပေါက်နဲ့ အစား အစာတွေ စားပြီးနောက် နေမကောင်း ဖြစ်ကြလို့ ဆေးကုသမှု ခံယူနေကြ ရတာပါ။

မန္တလေးမြို့ပေါ်က ဆရာ၀န်တွေ အပါအ၀င် စိမ်းရောင်စို ၊ အမရသုခ ၊ ချမ်းမြသုခ ၊ ဗြဟ္မစိုရ် ၊ဘဝအလင်း နဲ့ မြင့်မြတ်သူ စတဲ့ လူမူရေးအသင်း တွေက ဆင်းပြီး အရေးပေါ် အကူအညီ ပေးခဲ့ရပါတယ်။

အော့အန်မေ့မျောနေတဲ့လူနာတွေကို ဗြဟ္မစိုရ်လို လူမှုရေးအသင်းက လူနာတင်ကား တွေနဲ့ မန္တလေးမြို့ပေါ်က ဆေးရုံကြီးနဲ့ ကူးစက်ရောဂါကု ဆေးရုံတွေကို အရေးပေါ် ကူညီပေး ခဲ့သလို မွတ်စလင် ဘာသာရေး အသင်းတွေ ကလည်း ကူညီကြ တယ်လို့ ပြောပါတယ်။

ဒီလိုဖြစ်တာဟာ အစာကြောင့်ဖြစ်နိုင်သလို အဓိကတော့ ရေ၀င်နေတာ ၁လကျော်ပြီဖြစ်တဲ့ အမရပူရမြို့က ရေတွင်းတွေ မသန့်ရှင်းတာ ကြောင့် ဖြစ်နိုင်တယ်လို့ စိမ်းရောင်စို လူမှုကူညီရေး အသင်း ဦးဆောင်သူ တယောက်ဖြစ်တဲ့ ဆရာ မောင်တင်သစ်က ပြောပါတယ်။

အမရသုခဆေးခန်းက လူနာတွေကိုကုပေးနေတဲ့ ဒေါက်တာဇော်မြင့်မောင်ကလည်း လူနာတွေကို ဆေးကုသပေးနေရာမှာ စိုးရိမ်ရတဲ့ အနေအထား မရှိတော့ကြောင်း သောကြာနေ့ ညပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

လူမှုရေးအသင်းတွေကလည်း လိုအပ်တဲ့ ဓါတ်ဆားတွေနဲ့ ရေသန့်ဗူးတွေ ဆေးဝါးတွေ လှူတန်းပေးကြတယ်လို့ သိရပါတယ်။

အမရပူရမှာ ရေဝင်နေတာ တလကျော် ရှိနေပြီဖြစ်လို့ သောက်သုံးရေတွေမှာ ရောဂါပိုးမွှား တွေ ရှိနေတာကြောင့် ရေကို ကျိုချက် သောက်သုံးတာ အပြင် အစားအသောက် ဆင်ခြင်ဖို့နဲ့ တချို့ရေဝပ်နေတဲ့ နေရာတွေမှာ ပိုးသတ်ဆေးဖြန်းပေးဖို့ လိုနေတယ်လို့ ဆရာဝန်တွေက ဘီဘီစီကို ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။