
တိုးတက်တဲ့ရလဒ်တခု ပြဖို့ အရေးကြီးကြောင်း မစ္စတာ မစ်ချဲလ်က ပြောသွားခဲ့
အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချဲလ်က မြန်မာ လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့စုံစဉ် တိုင်းရင်သား ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို စုံစမ်းစစ်ဆေးဖို့အတွက် ပြောကြား သွားခဲ့ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့လည်း ပဲရစ် စည်းမျဉ်း စည်းကမ်းကို အခြေခံပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်သွားမယ်လို့ ဒဲရစ်မစ်ချဲလ်ကို ပြန်ရှင်းပြခဲ့တယ်ဆိုပြီး ကော်မရှင်ဥက္ကဌ ဦးဝင်းမြက ဘီဘီစီကို ပြောပါတယ်။
အဲဒီအခြေခံ စည်းမျဉ်းတွေကတော့ ကော်မရှင်တွေဟာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရှိရမယ်ဆိုတာ ဖြစ်ကြောင်း၊ အဲဒီအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်တွေပါ လူ့အခွင့်အရေးတွေကို ကာကွယ်ဖို့နဲ့ တိုးမြင့်အောင်လုပ်တဲ့နေရာမှာ သူတို့ကို လွတ်လွတ် လပ်လပ် ဆောင်ရွက်ခွင့်ပေးထားကြောင်း ဦးဝင်းမြကပြောပါတယ်။
မစ္စတာ မစ်ချဲယ်ကတော့ လွတ်လွတ်လပ်လပ်လုပ်မယ့် အပေါ် အားကျတယ်လို့ ဆိုပါတယ်။ ဒါပေမယ်လို့ အခြေအနေတိုးတက်တဲ့ ရလဒ်တခု ပြနိုင်ဖို့ အရေးကြီးကြောင်း ပြောသွား တယ် လို့လည်း ဦးဝင်းမြက ဆိုပါတယ်။
မြန်မာလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ကတော့ ရရှိမယ့် တိုင်ကြားစာတွေအပေါ်မှာ မူတည်ပြီး လုပ်ငန်းတွေကို စလုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
မတရားသဖြင့် အဖမ်းခံခဲ့ရတယ်ဆိုတဲ့ အမှုတွေကို ပြန်စစ်ဆေးမလား ဆိုတာကတော့ ပြောလို့မရသေးဘူးလို့ဆိုပါတယ်။
အမေရိကန်ဘက်ကလည်း လိုအပ်တာတွေကို ကူညီဖို့ အသင့်ရှိကြောင်း ပြောကြားသွား တယ်လို့ ဆိုပါတယ်။

