
တပ်ဖွဲ့ အင်အား သုံးသောင်းလောက် ရှိတယ်လို့ ခန့်မှန်းရတဲ့ ဝ တပ်သားများ
ဝီကီလိ ဝက်ဆိုက်မှာ ဖွင့်ချထားတဲ့ ကန် သံရုံး ကြေးနန်းတွေမှာ နေပြည်တော်နဲ့ ငြိမ်းအဖွဲ့တွေကြား ဆက်ဆံရေးကို ဖော်ပြ ထားပါတယ်။
အစိုးရက ငြိမ်းအဖွဲ့တွေကို နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းအောင် နောက်ဆုံး သတ်မှတ်ချိန်တွေ အကြိမ်ကြိမ် တိုးပေးနေ ပေမယ့် အပစ်ရပ် အဖွဲ့တွေက ဒါကို လုံးဝ လက်မခံနိုင် ဖြစ်နေတာ တွေ့ရပါတယ်။
ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေက သူတို့ ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် တစုံတရာ အာမခံချက် မရဘဲ လက်နက် မစွန့်ချင် ဖြစ်နေပုံတွေကို ဒီအဖွဲ့တွေထဲက ဆက်သွယ်ရေး အရာရှိ၊ ဒါမှမဟုတ် အစိုးရနဲ့ ကြားဝင် စေ့စပ်ပေးသူတွေ၊ ဒါမှမဟုတ် လူမျိုးစု ခေါင်းဆောင် တွေ ပြောပြတာကို အခြေခံပြီး ရေးထားပါတယ်။
အထူးသဖြင့် ကေအိုင်အိုနဲ့ ဝ အဖွဲ့ အကြောင်း ဖော်ပြရာမှာ ကေအိုင်အိုက ပင်လုံ စာချုပ် ထဲက အချက်တွေကို လေးစားဖို့ ပြောရာမှာ အစိုးရက ပင်လုံစာချုပ်ဟာ သမိုင်းမှာ ကျန်ခဲ့ပြီလို့ ပြောတယ်လို့ အမေရိကန် သံရုံးက မှတ်တမ်း တင်ခဲ့ပါတယ်။
ဝ အဖွဲ့က ကချင် အဖွဲ့လို နယ်ခြားစောင့်တပ် ပြောင်းမှာကို လက်မခံဘူးလို့ တိတိကျကျ မပြောဘဲ အစိုးရ တောင်းဆိုချက်ကို ဘာမှ မပြန်ကြားတဲ့ နည်းနဲ့ တုန့်ပြန် ခဲ့ပါတယ်။
အစိုးရက တိုက်လာရင် သူတို့ဘက်က တိုက်ဖို့လည်း အသင့် ရှိတယ်၊ သမားရိုးကျ စစ်ပွဲနဲ့ တုန့်ပြန်မယ်လို့ ပြောကြောင်း ဝ ဆက်ဆံရေး အရာရှိ တယောက် အပြောကို ကိုးကားပြီး သံရုံး ကေဘယ်မှာ ဖော်ပြထားပါတယ်။
ဝ တပ်ဖွဲ့မှာ အင်အား သုံးသောင်းလောက်နဲ့ အမေရိကန်လုပ် မြေပြင်က ဝေဟင်ပစ် ဒုံးတွေ ရှိတယ်လို့ သိရပါတယ်။
နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကို အကြောင်း ပြုပြီး အစိုးရနဲ့ ဝ တပ်တို့ ပြန်တိုက် နိုင်တာကို ကန် သံရုံးက ခန့်မှန်းထားပြီး ဝ တပ်လို အင်အားကြီးတဲ့ အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ရင် ဒေသတွင်းမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ သံရုံး ကြေးနန်း တွေမှာ ဖော်ပြထားပါတယ်။

