ကေအိုင်အေ အဖွဲ့တွင်း သဘောထား ကွဲလွဲပြီး ပစ်ခတ်မှုကြောင့် ခေါင်းဆောင် တစ်ယောက် ထိခိုက်ပြီး လူ တစ်ယောက် သေဆုံးခဲ့တယ် လို့ အင်္ဂါနေ့ထုတ် သတင်းစာ တွေထဲက ဖော်ပြချက် တွေကို ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့က မဟုတ် မမှန်ကြောင်း ငြင်းဆိုခဲ့ ပါတယ်။

ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်
ကေအိုင်အို ဆိုတာ တစ်ဖွဲ့ပဲ ရှိတယ်၊ ငြိမ်းချမ်းရေး လိုလားတဲ့ အဖွဲ့နဲ့ မလိုလားတဲ့ အဖွဲ့ ဆိုပြီးတော့လည်း ကွဲလွဲတာ မရှိဘူး၊ သတင်းစာတွေ ထဲမှာ ပြောထားသလို ကေအိုင်အေ (ကချင်) စစ်မှုထမ်းဟောင်း အဖွဲ့ ဆိုတာ လည်း လုံးဝ မရှိဘူး လို့ ကေအိုင်အေ ကချင် လွပ်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။
ကေအိုင်အို အဖွဲ့ထဲမှာ ငြိမ်းချမ်းရေး လိုလားတဲ့ အဖွဲ့ပဲ ရှိပြီး အဲဒီ ငြိမ်းချမ်းရေး ဆိုရာမှာ နိုင်ငံရေး နည်းနဲ့ ဆွေးနွေး ဖြေရှင်းပြီးမှ ရလာတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလား တယ်လို့ သူက အခိုင်အမာ ပြောပါတယ်။
ဒါ့အပြင် သတင်းစာတွေ ထဲမှာ ဖော်ပြထား သလို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လည်က ကေအိုင်အို အစည်း အဝေး လုပ်ခဲ့တာ မရှိဘူးလို့လည်း သူက ပြော ပါတယ်။
အစိုးရ ဘက်က မမှန်ကန်တဲ့ အကြောင်းတွေကို ပြောဆိုတာဟာ ကေအိုင်အိုကို ကချင်ပြည်နယ် အတွင်းနဲ့ မြန်မာ နိုင်ငံ တဝန်းက ပြည်သူတွေ အထင်မှား အမြင်မှား ဖြစ်အောင်နဲ့ တခြား အဖွဲ့ အစည်းတွေ ကလည်း ယုံကြည်မှု မရှိအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ကေအိုင်အို ဘက်က ယူဆကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြော ပါတယ်။
နှစ်ဘက် ငြိမ်းချမ်းရေး ကိစ္စမှာ တစ်ဘက်နဲ့ တစ်ဘက် ယုံကြည်မှုကို အခြေခံရတာ ဖြစ်တဲ့ အတွက် အခု လို မမှန်မကန် ပြောဆိုမှုတွေကြောင့် နှစ်ဘက် ဆွေးနွေးမှုတွေ အပေါ်လည်း ထိခိုက်နိုင်တယ်လို့ သူက ပြောပါတယ်။

