နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2011 - 00:37 GMT

US အစိုးရ အထူး သံတမန် Derek Mitchell မြန်မာပြည်သွား

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အစိုးရ အထူး သံတမန် Derek Mitchell

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အစိုးရရဲ့ အထူး သံတမန် Derek Mitchell ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရ အရာရှိ တွေနဲ့ တွေ့ဆုံဆွေးနွေးလိမ့်မယ်လို့ အေပီ သတင်းမှာ ရေးသားထားပါတယ်။

ဒီရာထူး ခန့်အပ် ခံရပြီးတဲ့နောက် မစ္စတာ မစ်ချဲလ် အနေနဲ့ မြန်မာပြည်ကို ပထမဆုံး သွားရောက်မှု ဖြစ်ပါတယ်။

သူ့ခရီးစဉ် အတွင်း နိုင်ငံရေး ပါတီတွေ ပုဂ္ဂိုလ်တွေ ၊ လူမှုရေး အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံလိမ့်မယ် လို့လည်း သိရပါတယ်။

ဒါ့အပြင် လာမယ့် သောကြာနေ့မှာ နေပြည်တော်ကို သွားမယ် ၊ အဲဒီနောက် ရန်ကုန် ပြန်လာပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လုပ်မယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ လူထု တိုးတက် သာယာဝပြောဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ အကောင်အထည် ပေါ်လာအောင် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အမေရိကန် အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

အပြန်မှာတော့ မစ္စတာ မစ်ချဲလ်ဟာ ထိုင်းနဲ့ အင်ဒိုနီးရှားကို ဝင်ပြီး သက်ဆိုင်ရာ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေ ရှိလာအောင် တွန်းအားပေးဖို့နဲ့ ပတ်သက်ပြီး မစ္စတာ မစ်ချဲလ် အနေနဲ့ အခု ခရီးစဉ် အတွင်း ဒေသတွင်း နိုင်ငံတွေရဲ့ သဘော တူညီချက်ကို ရဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တခါ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တရပ် မြန်မာနိုင်ငံမှာ ဖွဲ့စည်းလိုက်ကြောင်း တနေ့က ရက်စွဲနဲ့ အစိုးရ အာဘော် သတင်းစာတွေမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကော်မရှင်ထဲမှာ အငြိမ်းစား အစိုးရ အရာရှိကြီး တွေနဲ့ တက္ကသိုလ် ပညာရေး လောကက ပုဂ္ဂိုလ်တွေ ၁၅ယောက် ပါဝင် ဖွဲ့စည်းထားကြောင်း ဖော်ပြထားပေမယ့် တခြား အသေးစိတ် အချက်အလက်တွေတော့ ရေးမထားပါဘူး။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ ဖိအားပေးမှုတွေ ပေါ်ပေါက်ခဲ့ ပြီးတဲ့နောက် အစိုးရဖက်က ထုတ်ပြန်ချက် အခုလို ထွက်ပေါ်လာတာပါ။

မြန်မာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်ကနေ ဒီကော်မရှင်အဖွဲ့ဟာ ဘယ်လောက် လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်မလဲ အပေါ် သံသယ ဖြစ်မိကြောင်း လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။