မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ ငြိမ်းချမ်းရေး ရရေးနဲ့ အဲဒီဒေသက ဒုက္ခသည်တွေကို အကူအညီ ပေးရေးတွေမှာ အစိုးရနဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုင်းရင်းသား ညီနောင် ငါးပါတီက ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေဆီ အကူအညီတွေ ရောက်ဖို့က အဓိက ဖြစ်တယ်လို့ CNP ဥက္ကဌ ဦးဇိုဇမ် ပြော
အဲဒီ တိုင်းရင်းသား ညီနောင် ငါးပါတီထဲမှာ ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီနဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ ပါဝင်ပါတယ်။
ငြိမ်းချမ်းရေး ကော်မီတီ ဖွဲ့ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ စနစ်တကျ တင်ပြဖို့ စီစဉ်ထား တယ်လို့ CNP ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ် က ပြောပါတယ်။
ငြိမ်းချမ်းရေး ဆိုတာ တဦးတယောက်တည်းက ဖေါ်ဆောင်လို့ မရပဲ နှစ်ဘက်အကြားမှာ တတိယလူ ဆိုတဲ့ ကြားနေပုဂ္ဂိုလ် လိုအပ်နေတာကြောင့် ငြိမ်းချမ်းရေး ကော်မီတီ ဖွဲ့ဖို့ အကြံပြုရခြင်း ဖြစ်တယ်လို့ ဦးဇိုဇမ် က ပြောပါတယ်။
ကြားနေ ပုဂ္ဂိုလ်ဟာ နှစ်ဘက်စလုံးရဲ့ ကြည်ညို လေးစားသူ ဖြစ်ဖို့ လိုသလို ဂုဏ်သိက္ခာ ရှိပြီး ရိုးသားတဲ့သူ ဖြစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒီနေရာကို တိုင်းရင်းသား ညီနောင် ငါးပါတီက နေရာယူ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ အခိုင်အမာ ယုံကြည်တယ်လို့လည်း ဦးဇိုဇမ် က ပြောပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေး ကော်မီတီထဲမှာ တိုင်းရင်းသား ညီနောင် ငါးပါတီ ဝင်တွေတင်မက လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကျွမ်းကျင် ပညာရှင်တွေ၊ ဂုဏ်သိက္ခာ ရှိသူတွေလည်း ပါမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေဟာ တိုင်းရင်းသား ဒေသတွေ ဖြစ်နေတာမို့ သူတို့ တိုင်းရင်းသား ပါတီတွေက လွဲလို့ ဘယ်သူမှ ကြားဝင်လို့ ရမှာ မဟုတ်ဘူးလို့ ဦးဇိုဇမ် က ပြောပါတယ်။
အခြေအနေ မဆိုးဘူး ဆိုရင် လာမဲ့ သီတင်းပတ်လောက်မှာ အဲဒီ နယ်မြေတွေကို သူကိုယ်တိုင် သွားဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
ကိုယ်တိုင်က ခရစ်ယာန် ဘာသာဝင် ဖြစ်တဲ့အတွက် ခရစ်ယာန် အများအပြား နေထိုင်တဲ့ ကချင်ဒေသ၊ ကရင်ဒေသက ဒုက္ခသည်တွေ အတွက် ဘုရားကျောင်းတွေမှာ အလှူငွေတွေ ကောက်ခံပြီး ငွေကြေး အကူအညီပေးဖို့ စီစဉ်နေတယ်လို့ ဦးဇိုဇမ် က ဘီဘီစီကို ပြောပါတယ်။

