
KIA တပ်ဖွဲ့ဝင်များ
ကချင်ပြည်နယ် အစိုးရက စေလွှတ်တဲ့ ငြိမ်းချမ်း တည်ငြိမ်ရေးနဲ့ ညှိနှိုင်းရေး အဖွဲက ပေးစာထဲမှာ အရေးကြီးတဲ့ အချက် ဘာမှ မပါလို့ ချက်ချင်း တုန့်ပြန်ဖို့ မရှိဘူးလို့ KIO ကချင် လွတ်လပ်ရေး အဖွဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။
နောက်တခါ အခုအဖွဲ့မှာ ကချင်ပြည်နယ် နယ်စပ်ဒေသ လုံခြုံရေး တာဝန်ခံ ဗိုလ်မှူးကြီး သန်းအောင်က ခေါင်းဆောင်တယ် ဆိုပေမဲ့ သူတို့ ဆောင်ရွက်ချက် တွေကို နေပြည်တော် အထိ အသိပေးပြီးမှ လုပ်လို့ ရတယ်လို့လည်း ဦးလာနန်းက ဆက်ပြောပါတယ်။
လောလောဆယ် မြန်မာအစိုးရဖက်က တပ်တွေကို အပစ်ရပ်ထားဖို့ ညွှန်ကြားထား တယ်လို့ အစိုးရဖက်က ပြောပါတယ်။ ဒါပေမဲ့ စာရွက်စာတမ်း အထောက်အထား တောင်းတာ မရသေးဖူး အဲဒီအချက်ကိုရမှ ရှေ့ဆက်ရမယ့် အပစ်ရပ် ကိစ္စတွေ ဆက်လုပ်မယ်လို့ ဆိုပါတယ်။
အခုယာယီအပစ် ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ စာထဲမှာ KIA က သူ့တပ်တွေကို အဆင့်ဆင့် ညွှန်ကြားဖို့ ပါရှိသလို ရေရှည် ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာဖို့ သမ္မတ ဦးသိန်းစိန်ထံ ပန်ကြားလွှာ ရေးဖို့ အကြံပြု ထားတယ်လို့ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆင်ဝါးနောင်က ပြောပါတယ်။
မြန်မာအစိုးရ သတင်းစာတွေမှာတော့ KIA ရဲ့ ရထားလမ်း မိုင်းထောင်မှုတွေကို ဖေါ်ပြထား ပါတယ်။ ဒါပေမဲ့ အခု စွပ်စွဲချက်တွေဟာ ဘယ်သူ့ လက်ချက် ဖြစ်တယ် ဆိုတာ ပြန်စစ်ဆေးပြီးမှ အတည်ပြု နိုင်မယ်လို့ ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

