
ကချင်ဒုက္ခသည်တွေရဲ့ ယာယီ နေထိုင် စားသောက်မှု
ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ လိုင်ဇာ ဌာနချုပ် အနီးမှာ လာရောက်ခိုလှုံကြတဲ့ ဒုက္ခသည် အရေအတွက် ၅၀၀၀ ကျော် ရှိသွားပြီလို့ ကေအိုင်အိုရဲ့ ဒုက္ခသည် စောင့်ရှောက်ရေး ကော်မတီ တာဝန်ခံ ဦးဒွဲပြည်ဆာက ပြောပါတယ်။
လိုင်ဇာ ဌာနချုပ်ကို ရောက်မလာဘဲ တောထဲ တောင်ထဲမှာ ခိုအောင်းနေကြသူတွေလည်း ၂၀၀၀-၃၀၀၀ လောက်ရှိမယ်လို့ ဆိုပါတယ်။
ဒုက္ခသည် တွေရဲ့ စားဝတ်နေရေး အတွက် အများပြည်သူက လှူဒါန်းတဲ့ ဆန်နဲ့ ငွေကြေးအပြင် ကေအိုင်အိုအဖွဲ့ရဲ့ ရန်ပုံငွေကို အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။
လောလောဆယ်မှာ လူသူမနေတဲ့ အိမ်အလွတ်တချို့ကို ဒုက္ခသည် စခန်းတွေ အဖြစ် သတ်မှတ်ထားပြီး ဒုက္ခသည်တွေကို နေရာချထားပေးပေမဲ့ စစ်ပွဲ တာရှည်မယ် ဆိုရင် သူတို့ အတွက် ဒုက္ခသည် စခန်းဆောက်လုပ်ပေးဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။
စစ်ပွဲ တာရှည်ရင်တော့ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုမျိုး မရရင် အခက်အခဲ ရင်ဆိုင်ကြုံတွေ့ရ နိုင်တယ်လို့လည်း ဦးဒွဲပြည်ဆာက ပြောပါတယ်။

