
မြန်မာငွေ တန်ဖိုးခိုင်လာလို့ ပို့ကုန် လုပ်ငန်းရှင် တွေ ထိခိုက်နေ
မြန်မာနိုင်ငံမှာ ပြည်ပကို ပို့ကုန်တင်ပို့ရာမှာ ကုန်သည်တွေ ပေးဆောင်ရမဲ့ အခွန်ကို ကြာသပတေးနေ့က စလို့ ၃ ရာခိုင်နှုန်း လျှော့ချပေးလိုက်ပါတယ်။
အရင်က ပြည်ပ ပို့ကုန် တင်ပို့တဲ့ ကုန်သည်တွေ အနေနဲ့ Commercial Tax လို့ ခေါ်တဲ့ ကုန်သည် ခွန် ၈ရာခိုင်နှုန်းနဲ့ Profit Tax လို့ ခေါ်တဲ့ အမြတ်ခွန် ၂ရာခိုင်နှုန်း စုစုပေါင်း အခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရတာပါ။
အခုတော့ ကုန်သည်ခွန် ၅ရာခိုင်နှုန်းနဲ့ အမြတ်ခွန် ၂ရာခိုင်နှုန်း စုစုပေါင်း အခွန် ၇ ရာခိုင်နှုန်း ကိုသာ ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။
အခုလို အခွန် လျှော့ပေါ့ ပေးလိုက်တဲ့ အတွက် ပို့ကုန် လုပ်ငန်း လုပ်နေသူတွေ အကျိုး ရှိတယ် လို့ ယူဆကြောင်း UMFCCI မြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း က ဦးမြင့်စိုးက ပြောပါတယ်။
မြန်မာငွေကြေး ခိုင်မာလာတဲ့အတွက် ပို့ကုန် လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာနေမှုနဲ့ ပတ်သက် လို့ UMFCCI အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ တလလုံးလုံး ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံ ညှိနှိုင်း ပြောဆိုတာတွေ လုပ်ခဲ့ကြောင်း၊ အစိုးရ အနေနဲ့ မူဝါဒ တခု ပြောင်းပေးဖို့ လိုအပ် တယ်လို့ ယူဆတဲ့အတွက် အခုလို အခွန်လျှော့ပေါ့ပေးတာ ဖြစ်တယ်လို့ ဦးမြင့်စိုးက ဘီဘီစီ ကို ပြောပါတယ်။
ကုန်သည် လုပ်ငန်းရှင်တွေ လုပ်သာ ကိုင်သာ ဖြစ်စေမဲ့ နည်းလမ်းတွေကို အစိုးရအနေနဲ့ ကြံဆ ဆောင်ရွက်နေတာမို့ ပို့ကုန် လုပ်ငန်းရှင်တွေတင်မက ကုန်သည်တွေ အားလုံး အတွက် လုပ်ငန်း ကုန်ကျ စားရိတ်တွေ သက်သာလာစေရေးကို အများကြီး အထောက်အကူ ဖြစ်လာ စေမယ်လို့လည်း မြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက ဦးမြင့်စိုး က ဘီဘီစီကို ပြောပါတယ်။

