နောက်ဆုံး ရေးသားချိန် 6 ဇူလိုင်လ 2011 - 02:45 GMT

၁၈နှစ်ပြည့်သွားတဲ့ ကလေး စစ်သားဟောင်းတွေကို တပ်ကပြန်ခေါ်

အသက်မပြည့်သေးတဲ့ ကလေးတွေ စစ်တပ်ထဲ ခေါ်သွင်းခံနေရ

မိဘတွေနဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း တွေရဲ့ ပူးပေါင်း ကြိုးစားမှုနဲ့ စစ်တပ်က ပြန်ထုတ်နိုင်ခဲ့တဲ့ ကလေး စစ်သား တချို့ကို အသက်ပြည့်တဲ့အခါ စစ်တပ်က ပြန်ခေါ်ဖို့ ကြိုးစားတာမျိုးတွေ ရှိလာနေပါတယ်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ငြိမ်းချမ်း ရွာက မောင်စိုးကျော် ဆိုသူ လူငယ်လေးဟာ အသက်၁၆နှစ် အရွယ်တုန်းက စစ်သားအဖြစ် စုဆောင်းခံခဲ့ရရာမှာ တပ်ကနေ ထွက်ပြေး လွတ်မြောက်သွားခဲ့ပေမဲ့ အခု အသက် ၁၈နှစ် ပြည့်တဲ့ အချိန်မှာ သူ့ကို ပြန်ခေါ်ယူဖို့ စစ်တပ်နဲ့ ရဲက ပူးပေါင်း ဖိအားပေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အသက် ၁၆နှစ် အရွယ်တုန်းက မသွားတတ် မလာတတ် ဖြစ်နေတဲ့ သူ့ကို မှတ်ပုံတင် မရှိလို့ ဆိုပြီး စစ်တပ်ထဲ အတင်း ခေါ်သွင်းတာ ခံခဲ့ရပြီး တနှစ်လောက် ကြာတဲ့အခါ မနေနိုင် တော့လို့ တပ်ကနေ ထွက်ပြေးပြီး မိဘတွေနဲ့ ပြန်နေနေခဲ့တာ ဖြစ်ကြောင်း မောင်စိုးကျော်က ဘီဘီစီကို ပြောပြပါတယ်။

အခုအခါ ၁၈နှစ် ပြည့်ပြီ ဆိုပြီး တပ်က စာရေးပြီး ပြန်ခေါ်နေသလို ဒေသခံ ရဲကလည်း လိုက်လံ ဖမ်းဆီးနေတာကြောင့် မိဘတွေနဲ့ မနေရဲပဲ ထွက်ပြေး တိမ်းရှောင် နေရတယ် လို့ ပြောပါတယ်။

မိဘတွေက ကလေးကို သူတို့နဲ့ ပြန်နေလို့ရအောင် အင်္ဂါနေ့က ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီးကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

အရင် ဖြစ်စဉ်တွေအရ အသက်မပြည့်သေးခင်မှာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရတယ် ဆိုတဲ့ သက်သေ အထောက်အထား ပြနိုင်တယ် ဆိုရင် နောက်ပိုင်း ၁၈နှစ် ကျော်သွားပေမဲ့ တပ်က ထွက်ခွင့်ရပြီး အိမ်ပြန်သွားနိုင်တဲ့ ကလေးတွေလည်း ရှိခဲ့တာကြောင့် မောင်စိုးကျော် တပ်က ထွက်ခွင့်ရလိမ့်မယ်လို့ မိဘတွေက မျှော်လင့်နေကြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။