နောက်ဆုံး ရေးသားချိန် 8 ဇွန်လ 2011 - 01:04 GMT

ငါးသိန်းတန် GSM ဖုန်းတွေ ပြန်ချပေးနေ

mobile phone

ငါးသိန်းတန် GSM ဖုန်းတွေ ပြန်ချပေးနေ

မြန်မာ နိုင်ငံမှာ ငါးသိန်းတန် GSM လက်ကိုင်ဖုန်းတွေ ပြန်ချ ပေးနေ ပါပြီ။

ငါးနှစ် အတွင် မိုဘိုင်းဖုံး သန်း သုံးဆယ်ထိ ချပေး သွားမယ်လို့ မြန်မာ့ ဆက်သွယ်ရေးက ပြောပြပါတယ်။

ဒါပေမယ့် ဒီမိုဘိုင်းဖုံးတွေ ရောင်းချခွင့်ကို အစိုးရနဲ့ နီးစပ်တဲ့ ရတနာပုံ တယ်လီပို့စ၊ အေရှား မက်ဂါလင့်နဲ့ ဦးတေဇရဲ့ E-Lite Tech ကုမ္ပဏီ သုံးခုကပဲ ရသွားပါတယ်။

မန္တလေး တမြို့ထဲမှာ တရက်ကို ဖုန်း အလုံးရေ နှစ်ရာထိ ချပေးနေတယ်လို့ ပြည်တွင်း သတင်း ရပ်ကွက်က ဘီဘီစီကို ပြောပြပါတယ်။

လက်ကိုင်ဖုန်း တလုံး ငါးသိန်းဟာ နိုင်ငံတကာ စျေးနဲ့ ယှဉ်လိုက်ရင် အလွန် ကြီးမြင့် နေပေမယ့် ပြည်တွင်းမှာ ဖုန်းကိုင်သူ ဦးရေ နည်းပါးနေတဲ့ အတွက် ဝယ်မဲ့သူ ရှိနေဦးမှာလို့ မြန်မာ့ ဓန အယ်ဒီတာချုပ် ဦးသီဟစောက ပြောပါတယ်။

လောလောဆယ်မှာ ခုချပေးတဲ့ GSM ဖုန်းတွေ အပြင် CDMA ဖုန်းတွေပါ အသုံးပြု နေပါတယ်။

ဖုန်းဝန်ဆောင်မှု စျေးကို လိုက်ပြီး အသုံးပြုလို့ရတဲ့ ဧရိယာ၊ အင်တာနက် အသုံးပြုနိုင်ခြင်း ရှိမရှိတွေ ကွာပါတယ်။

ခု GSM ဖုန်းက တနိုင်ငံလုံး သုံးလို့ ရပေမယ့် အင်တာနက်တော့ ချိတ်လို့ မရဘူးလို့ ဦးသီဟစောက ဘီဘီစီကို ပြောပြပါတယ်။

မြန်မာနိုင်ငံက ဆက်သွယ်ရေး လုပ်ငန်းတွေကို အစိုးရနဲ့ အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကပဲ လက်ဝါးကြီး အုပ်ထားတာ ဖြစ်ပါတယ်

မြန်မာ နိုင်ငံမှာ အရပ်သား အစိုးရသစ် ပေါ်လာပေမယ့် ခုချိန်ထိ စီးပွားရေး လုပ်ငန်း ကုမ္ပဏီတွေ ကြားမှာ မျှတတဲ့ ပြိုင်ဆိုင်မှုမျိုး မရှိသေးဘဲ အစိုးရ ထိပ်တန်း ခေါင်းဆောင် တွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကပဲ အဓိက လုပ်ကိုင်ခွင့်တွေ ရနေတာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။