
သင်္ကြန်တွင်း ကာလက ပြည်တွင်း ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု များပြား
မြန်မာ နိုင်ငံကို လာရောက်တဲ့ နိုင်ငံခြား သား အရေအတွက် များပြား လာတဲ့ အလျောက် လေဆိပ်မှာ ဆိုက်ရောက် ဗီဇာ ပြန်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် တိုင်းပြည်ထဲမှာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် သင့်တော်တဲ့ အခြေခံ အဆောက်အဦ မရှိသေးတာမို့ လူတိုင်းကို ထုတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ ခရီသွား လုပ်ငန်း ဘုတ်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းက အမျိုးသား လွှတ်တော် အမတ် ဇေကမ္ဘာ ဦးခင်ရွှေက ဘီဘီစီကို ပြောပြပါတယ်။
ဒီနှစ်ထဲမှာ လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသွား ဦးရေဟာ မနှစ်ကထက် နှစ်ဆလောက် များလာပြီး ခုမိုးတွင်း ကာလမှာတောင် တရက်ကို ခုနှစ်ရာကနေ ရှစ်ရာလောက်ထိ ဝင်ပါတယ်။
ပွင့်လင်းရာသီ ဖြစ်တဲ့အောက်တိုဘာ ဒီဇင်ဘာ အများကြီး ဝင်မယ်လို့ ဟိုတယ် လုပ်ငန်းနဲ့ နီးစပ်သူတွေက ခန့်မှန်း နေပါတယ်။
ဒါပေမယ့် ဗီဇာ မပါဘဲ ရောက်လာသူတိုင်းကို ဗီဇာ ထုတ်ပေးမယ်ဆိုရင် အထဲမှာ ဟိုတယ်တွေ၊ ကားတွေ ပြည့်ပြည့် စုံစုံ မရှိသေးဘူး၊ အခြေခံ အဆောက်အဉီတွေ ကောင်းကောင်း မရှိသေးဘူးလို့ ဦးခင်ရွှေက ပြောပါတယ်။
ဟိုတယ်သစ်တွေ အချိန်မှီ မဆောက်နိုင်ရင် လက်ရှိ ဝန်ကြီးဌာန အဆောက်အဦတွေကို ဟိုတယ်အဖြစ် ယာယီ ပြောင်းလဲတာမျိုး လုပ်လာနိုင်တယ်လို့ ဦးခင်ရွှေက သဲလွန်စ ပေးပါတယ်။
တဘက်မှာ ကမ္ဘာလှည့် ခရီးသွားတွေ အဓိက သွားရောက်နိုင်တဲ့ မြို့တွေ နေရာတွေမှာ ဟိုတယ်ဇုံတွေ တည်ဆောက်ဖို့ အစိုးရကို စလျှာက်နေပြီလို့ ပြောပြပါတယ်။
အရင်တုန်းကလည်း အစိုးရက ဆိုက်ရောက် ဗီဇာ ထုတ်ပေးခဲ့ဖူးပေမယ့် လုံခြုံရေးကြောင့် ဒီဆိုက်ရောက် ဗီဇာကို ပြန်ပိတ်ခဲ့ပါတယ်။
ခုချိန်မှာတော့ လုံခြုံရေးက အရင်ကထက် အများကြီး တိုးတက် ကောင်းမွန်လာတာမို့ ကမ္ဘာ့လှည့် ခရီးသွား လုပ်ငန်းကိစ္စကို စဉ်းစား နိုင်ပြီလို့ ဦးခင်ရွှေက ပြောပြ ခဲ့ပါတယ်။

