နောက်ဆုံး ရေးသားချိန် 3 ဇွန်လ 2011 - 15:49 GMT

လက်တွေ့ ပြောင်းလဲဖို့ မြန်မာကို မက်ကိန်းက ပြော

John McCain

လက်ရှိ အခြေအနေမှာ ပိတ်ဆို့မှုကို မလျှော့သင့် သေးဘူးလို့ မက်ကိန်းက ဆို

အမေရိကန် ဆီးနိတ် အမတ် ဂျွန်မက်ကိန်း က မြန်မာ အစိုးရ နဲ့ အမေ ရိကန် အစိုးရ ဆက်ဆံရေး ကောင်းမွန် လာဖို့ အတွက် မျှော်လင့်ချက် ထားကြောင်း သူ့ရဲ့ မြန်မာ ပြည် ခရီးစဉ် နောက်ဆုံး နေ့မှာ ပြောကြား လိုက်ပါတယ်။

ဒါပေမယ့် ဆက်ဆံရေး ကောင်း ဆိုတာဟာ သာယာ ချိုသာတဲ့ အပြော လေးတွေ ပေါ်မှာ တည်ဆောက် ရတာမျိုး မဟုတ်ဘဲ လက်တွေ့ အကောင် အထည်ဖော် ပြသ နိုင်တဲ့ ဆောင်ရွက်ချက် တွေ အပေါ်မှာ တည်ဆောက် ရတာလို့ လည်း ဆိုခဲ့ ပါတယ် ။

မစ္စတာ မက်ကိန်းက မြန်မာ အစိုးရ သစ်ဟာ အမေရိကန် ပြည်ထောင်စု နဲ့ ဆက်ဆံရေး ပိုကောင်း ချင်တယ် ဆိုတာ ထင်ရှားပြီး အမေရိကန် ဘက်ကလည်း အလားတူ သဘောထား ရှိကြောင်း ပြောပါတယ်။

အခုအစိုးရ သစ်ဟာ အတိတ်ကာလနဲ့ ကွဲပြားတဲ့ အပြောင်းအလဲ တချို့ကို ကိုယ်စားပြုတယ် လို့လည်း သူက အသိအမှတ် ပြုခဲ့ ပါတယ်။

ဒါပေမယ့် မြန်မာ နိုင်ငံမှာ အလျင်အမြန် ပြုပြင် ပြောင်းလဲလို့ ရတဲ့ ကိစ္စတွေ ရှိနေပြီး ဒါကို အစိုးရက ဆောင်ရွက်ဖို့ လိုကြောင်းသူက ဆိုပါတယ်။

အမေရိကန်ရဲ့ လိုလားချက်

မစ္စတာ မက်ကိန်းက နိုင်ငံရေး အကျဉ်းသား တွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေး ရေး အတွက် တောင်းဆို ခဲ့သလို ဒေါ်အောင်ဆန်း စုကြည် လုံခြုံစိတ်ချ စွာနဲ့ ခရီး သွားလာ နိုင်ရေးကိုလည်း အာမခံဖို့ မြန်မာ အစိုးရကို တောင်းဆိုခဲ့ ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နျူကလီးယား အစီအစဉ် နဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ကိစ္စတွေ အပေါ် အမေရိကန် ရဲ့ စိုးရိမ်မှု တွေကိုလည်း မြန်မာ အစိုးရကို ပြောခဲ့ တယ်လို့ ဆိုပါတယ်။

မစ္စတာ မက်ကိန်းက မြန်မာ နဲ့ဆက်ဆံရေး ကောင်းမွန်ဖို့ အမေရိကန် ဘက်က လိုချင်တဲ့ အချက်တွေကို ပြောခဲ့သလို တဖက်မှာလည်း နိုင်ငံအပေါ် လက်ရှိ အရေးယူ ချမှတ် ထားတဲ့ ပိတ်ဆို့မှု တွေကို မရုပ်သိမ်းသင့် သေးဘူးလို့ ဆို ပါတယ်။

လက်စား ချေဖို့ ရည်ရွယ်ချက် နဲ့မဟုတ်ဘဲ တရားမျှတမှု ကို ဖော်ထုတ်ဖို့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီး ဆောင်ရွက် တာမျိုးလည်း ရှိသင့်ကြောင်း ပြောခဲ့ ပါတယ်။

ပိတ်ဆို့မှု ရုပ်သိမ်းရေး မြန်မာ လုပ်ပြဖို့လို

John McCain

မစ္စတာ မက်ကိန်းဟာ အန်အယ်ဒီ ခေါင်းဆောင် တွေနဲ့ လည်း တွေ့ခဲ့

အမေရိကန်က ပိတ်ဆို့ အရေးယူ မှုတွေကို ရုပ်သိမ်းဖို့ အတွက် မြန်မာ အစိုးရက တောင်းဆိုနေသလို ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီ တွေကလည်း တောင်းဆို ခဲ့ကြ ပါတယ်။

ဒါပေမယ့် မြန်မာ နိုင်ငံ ဖက်က ဆောင်ရွက် ပေးသင့် တဲ့ အချက် တွေကို အစိုးရက လုပ်လာ အောင်တော့ အဲဒီ ပါတီတွေကနေ လွှတ်တော် ထဲမှာ ရောက်နေတဲ့ ကိုယ်စားလှယ် တွေက ခုချိန်မှာ တွန်းအား ပေးနိုင်မယ့် အနေအထား မရှိသေးပါဘူး။

လွှတ်တော်ထဲမှာ မပြော မဆိုရဲတဲ့ ကိုယ်စားလှယ် တွေရှိနေ သလို လွှတ်တော် ထဲမှာ တကယ်ပြောဆို လုပ်ကိုင် ခွင့်တွေ ရှိပါတယ် ဆိုတာ အများပြည်သူ လက်ခံ လာအောင် ဆောင်ရွက်ဖို့ လိုသေးတယ်လို့ သင်္ဃန်းကျွန်း မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

မက်ကိန်း ခရီးစဉ်ရဲ့ အရေးပါမှု

မစ္စတာ ဂျွန်မက်ကိန်း ရဲ့ ခရီးစဉ်မှာ သက်ဆိုင်သူ တွေနဲ့ တွေ့ပြီး ပြည့်ပြည့်စုံစုံ ဖြစ်အောင် အမေရိကန် ဖက်က ကြိုတင် ပြင်ဆင်ထားခဲ့တယ်လို့ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က ပြောပါတယ်။

မြန်မာ ဘက်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေးမှာ သံတမန် အဆင့် လျှော့ချပြီး နှစ်ပေါင်း ၂၀ ကျော် နေခဲ့ရတာကို ပြောင်းလဲချင် နေတယ်လို့ သူက သုံးသပ် ပါတယ်။

ဒါပေမယ့် အခုလို အရေးပါတဲ့ အမေရိကန် ဆီးနိတ် အမတ်တဦး လာရောက်တာကို ပြည်တွင်းမှာ ရုပ်ပြ ကောင်းယုံလောက် ဘဲ ရေတို အကျိုးစီးပွားကို မကြည့်သင့် ဘူးလို့ ဦးအောင်ဇော်က ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။