မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်း စုကြည်ကို ကြာသပတေးနေ့က သူ့ရဲ့နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

ဒေါ်စုရဲ့ နေအိမ်ကို သွားရောက် ဆွေးနွေး ခဲ့တဲ့ မစ္စတာ မက်ကိန်း
နှစ်ဘက် တွေ့ဆုံ ဆွေးနွေး အပြီး သူ့ နေအိမ်မှာ လာစောင့်နေကြတဲ့ သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်း စုကြည်က ပြန်လည် ဖြေကြားခဲ့ပါတယ်။
မစ္စတာ မက်ကိန်းအနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံဖို့ ဆောင်ရွက် ပေးနိုင်မလား ဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်း စုကြည်က အမျိုးသား ရင်ကြား စေ့ရေးကို အန်အယ်ဒီ အနေနဲ့ရော၊ မစ်စတာ မက်ကိန်းလို မိတ်ဆွေမျိုးတွေကပါ လိုလားနေ ပေမဲ့ တကယ်တန်း ဖြစ်မြောက် လာဖို့ ဆိုရင်တော့ အစိုးရ ဘက်က ပါဝင် လုပ်ဆောင်မှ ဖြစ်မယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
ဂျွန် မက်ကိန်း ဘာတွေ ပြောခဲ့သလဲ
မစ္စတာ မက်ကိန်းက သူနဲ့ မြန်မာ ဒုတိယ သမ္မတ တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့စဉ် အမျိုးသား သင့်မြတ်ရေး အတွက် နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ်ပေးဖို့ ကိစ္စနဲ့ Sanction ခေါ် ဒဏ်ခတ် အရေးယူတဲ့ ကိစ္စနဲ့ ပတ်သက်တာတွေကို ဆွေးနွေးခဲ့ တယ်လို့ အစည်း အဝေးကို ပါဝင် တက်ရောက်ခဲ့သူ အန်အယ်ဒီ ဗဟိုကော်မီတီဝင် ဦးဉာဏ်ဝင်း ကပြောပါတယ်။
ဒီမီဒီယာကို ဖွင့်၍မရပါ
မစ္စတာ မက်ကိန်း ထိုင်းနိုင်ငံ ကို ရောက်ရှိစဉ် မြန်မာ နဲ့ မြောက်ကိုရီးယား နိုင်ငံ တို့ကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့ အကြောင်း ထုတ်ဖော် ပြောခဲ့တာ မို့ အဲဒီကိစ္စကိုလည်း ဒုတိယ သမ္မတနဲ့ ဆွေးနွေး ဖြစ်ခဲ့တယ် ဆိုတာ ပြန်ပြောပြပေမဲ့ အသေးစိတ်တော့ မသိရဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည် ရန်ကုန်မြို့ အပြင်ကို ခရီး ထွက် မယ် ဆိုရင် လုံခြုံရေး ဆိုင်ရာ အလေးထား လုပ်ဆောင်သင့်တာ တွေကို မစ္စတာ မက်ကိန်းက အကြံ ပေးခဲ့တယ် လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
မစ္စတာ မက်ကိန်းနဲ့ တွေ့ဆုံ ဆွေးနွေး ရတာကို ဒေါ်အောင်ဆန်း စုကြည် ဘက်က ကျေနပ် အားရမှု ရှိတယ် လို့လည်း သူက ဆိုခဲ့ ပါတယ်။
အန်အယ်ဒီ ဗဟို ကော်မီတီဝင်တွေနဲ့ ဆွေးနွေးမှု

အန်အယ်ဒီ ရုံးချုပ်က ပန်းချီပြပွဲကို မစ္စတာ မက်ကိန်း ကြည့်ခဲ့
ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေးမှု မတိုင်ခင် ဂျွန်မက်ကိန်းဟာ အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦး အပါအဝင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၇ ယောက် အပြင် စီအာပီပီ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီဝင် သုံးယောက်တို့ ကို အန်အယ်ဒီ ရုံးချုပ်မှာ အတူ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။
အဲဒီ ဆွေးနွေးမှုမှာ အန်အယ်ဒီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့၊ နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်း စုကြည် မကြာခင် သွားရောက်မယ့် နယ် ခရီးစဉ် အတွက် လုံခြုံရေးကိစ္စဟာ အစိုးရမှာ တာဝန်ရှိတယ် ဆိုတဲ့ အကြောင်းနဲ့ အန်အယ်ဒီ ဟာ တရားဝင် နိုင်ငံရေး ပါတီ အဖြစ် ရပ်တည် နေတဲ့ အကြောင်းတွေကို တင်ပြ ဆွေးနွေး ခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဗဟို ကော်မီတီဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
ရွေးကောက်ပွဲဝင် ပါတီများနဲ့လည်း တွေ့

ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက် စေလိုတဲ့ ပါတီ တွေထဲ ရခိုင် ပါတီလည်း ပါ
ဂျွန် မက်ကိန်းဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် တွေဖွဲ့စည်းထားတဲ့ စီအာပီပီလွှတ်တော် ကိုယ်စားပြုကော်မီတီ အဖွဲ့ဝင်တွေ၊ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ) နဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ကိုယ်စားလှယ် တွေကိုလည်း တွေ့ဆုံခဲ့ ပါတယ်။
ဒဏ်ခတ် ပိတ်ဆို့ရေး နဲ့ ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒုတိယ ဥက္ကဌ ဦးအုန်းတင်က တစ်ဦး တစ်ယောက်နဲ့ ဆိုင်တဲ့ ပစ်မှတ်ထား အရေးယူမှု တွေကို ဘာမှ မပြောလိုပေမဲ့ အများ ပြည်သူကို ထိခိုက်စေတဲ့ ကုန်သွယ်မှု တားမြစ်ထားတဲ့ ကိစ္စလို ပိတ်ဆို့ အရေးယူမှုတွေကို အမေရိကန်က ပြန်လည် စဉ်းစားဖို့ တိုက်တွန်း ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

