
ဗန်ကူးဗား မှာ ခရီး မစမီ အချိန် ကလေး က သူတို့ ၂ ဦး http://www.justride2011.blogspot.com/
ထိုင်းမြန်မာနယ်စပ် က မဲတော် ဆေးခန်း အတွက် ရံပုံငွေရှာ ဖို့ ရည်ရွယ်ပြီး ကနေဒါ လူမျိုး ရှေ့နေ တဦးနဲ့ မြန်မာပြည်သား တဦး တို့ ဟာ ကနေဒါ နိုင်ငံ အနောက်ဖက် ကမ်း က နေ အရှေ့ဖက်ကမ်း အထိ စက်ဘီးနင်းတဲ့ ခရီးရှည် ကို ဒေသ စံတော်ချိန် ကြာသပတေး မနက် ပိုင်း က စတင် လိုက် ပါပြီ။
ကနေဒါ အနောက်ဖက်ကမ်း Vancouver ဗန်ကူးဗား မြို့ ကနေ အရှေ့ဖက်ကမ်းခြေက Halifax ဟာလီဖက်စ မြို့အထိ မြောက်အမေရိတိုက် ကို ဖြတ်သန်း စီးနင်း မှာ လို့ ဆိုရမယ့် ဒီခရီး ဟာ ကီလိုမီတာ ၅၈၀၀ ကျော် ရှည်လျား ပါတယ်။
အရင်နှစ်တွေတုန်း ကလည်း မဲတော် ဆေးခန်း အတွက် ရံပုံငွေ ရှာ ခဲ့ဘူးပြီး အခုတခါ မှာ တော့ ခရီးရှည် စက်ဘီးစီးခြင်း နဲ့ ရံပုံငွေရှာ ဖြစ်ဖို့ စဉ်းစား စီစဉ် ဖြစ်တာ လို့ ကနေဒါ လူမျိုး ရှေ့နေ မစ္စတာ ရော့ဒ် ဂျာမင်း Mr Rod Germaine က ဘီဘီစီ ကို ပြောပါတယ်။
သူနဲ့ အတူ ခရီးရှည် ကို စီးနင်း မယ့်သူ က မြန်မာလူမျိုး ကိုစိုးနိုင် ဖြစ်ပြီး သူတို့ ရက်ပေါင်း ၆၀ ကျော် လောက် နင်း ရမယ်လို့ ခန့်မှန်းထား ကြောင်းပြောပါတယ်။
မစ္စတာ ဂျာမင်း ဟာ လွန်ခဲ့တဲ့ နှစ် များစွာတုန်း က အခု သူတို့ ခရီးဆုံး မယ့် Halifax မြို့ က တက္ကသိုလ် တခုမှာ ဥပဒေ ဘွဲ့ ကို ယူခဲ့တဲ့သူပါ။
သူတို့ အဲဒီမြို့ ကို ရောက်ဖို့ မှန်းထားတဲ့ လာမယ့် သြဂုတ် လ တွင်းမှာ သူ တက်ခဲ့တဲ့ ဥပဒေ ဌာန က ကျောင်းသူကျောင်းသား ဟောင်း တွေ ကျောင်းမှာ ပြန်လည် တွေ့ဆုံ မယ့် အခမ်းအနား လည်း ရှိမှာ မို့ အဲဒီ အခမ်း အနား အမီ သွားနိုင်အောင် လုပ်မှာ ဖြစ်ပြီး ရံပုံငွေ ကို အဲဒီ မှာလည်း ကောက်ဖို့ စီစဉ် ထားကြောင်း မစ္စတာ ဂျာမင်း က ပြောပါတယ်။
အခုတော့ ရံပုံငွေ က ကနေဒါ ဒေါ်လာ ၇ ထောင်ကျော် လောက်ရနေပြီး ခရီးဆုံး ရင် သိန်းချီ ရဖို့ မျှော်လင့် ပါကြောင်း လည်း အဲဒီ စက်ဘီးခရီးသည် ရှေ့နေ က ဘီဘီစီ ကို ပြော ပါတယ်။

