နောက်ဆုံး ရေးသားချိန် 7 မေလ 2011 - 16:31 GMT

ဗြိတိန်အနုပညာပွဲတော်အတွက် ဒေါ်စု သတင်းစကား

မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာက သိရှိအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့

ဗြိတိန်နိုင်ငံ Brighton မြို့မှာ အခုနှစ် ကျင်းပတဲ့ အနုပညာနဲ့ လှုပ်ရှားမှု ပွဲတော်အတွက် ဂုဏ်ထူးဆောင် ဧည့် ဒါရိုက်တာအဖြစ် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုခေါင်ဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ရွေးချယ် ဖိတ်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီပွဲအတွက် ဗွီဒီယိုနဲ့ သူ့ရဲ့အမှာ စကားကို ပေးပို့ခဲ့ရာ၊ ဒီပွဲဟာ လွတ်လပ်မှုနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကိုယ်စားပြုတယ်လို့ ယုံကြည်ကြောင်း၊ ဒီပွဲမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ လွပ်လပ်မှုကို အသုံးပြုပြီး မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာက သိရှိအောင် ဆောင်ရွက် ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်နဲ့ပတ်သက်ပြီး၊ Brighton Festival ရဲ့ အမှုဆောင်အရာရှိ မစ္စတာ အင်ဒရူး ကွန်ဗန်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလိုပါဝင်ပတ်သက်မှုရှိတာဟာ ဒီပွဲအတွက် အောင်မြင်မှုတခုအဖြစ် ယူဆကြောင်း၊ ဒီပွဲတော် အတွင်းမှာ ပြုလုပ်မယ့် အကတွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲ စတဲ့ အနုပညာ ယာဉ်ရထားတွေကို အသုံးပြုပြီး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဆောင်ကျဉ်းပေးနိုင်ဖို့ ရည်ရွယ်ကြောင်း ပြောကြားသွားပါတယ်။

ပွဲတော် ဖွင့်ပွဲမှာတော့ မူလတန်း၊ အလယ်တန်းနဲ့ အထက်ကျောင်းပေါင်းစုံမှ ကလေး ၅၀၀၀ ကျော်က အတီးအမှုတ် အကအခုန်တွေနဲ့ လှည့်လည် လမ်းလျှောက် နေခဲ့ကြပါတယ်။

ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို ကိုယ်စားပြု တယ် ဆိုတဲ့ သဘောဖြစ်ပါတယ်

ကလေးတွေဟာ အဝတ်အစား အဆန်းအပြား တွေကို ဝတ်ဆင်ထားပြီး၊ သူတို့မျက်နှာတွေ ကိုလည်း ဆေးတွေရောင်စုံချယ်ထားကြပါတယ်။

အခုလို ကလေးတွေ စီးတန်း လှည့်လည်တဲ့ပွဲနဲ့ စဖွင့်လိုက်တာကတော့ ကလေးတွေရဲ့ လွတ်လပ် ခွင့်ကို ကိုယ်စားပြုတယ်ဆိုတဲ့ သဘောဖြစ်ပါ တယ်။

ဒီပွဲတော်ကို Brighton မြို့ အတွင်းမှာရှိတဲ့ အဆောက်အဦး နေရာ အတော်များများမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇတ်ကားကိုလည်း ပြသခဲ့ပါတယ်။

သြစတေးလျကလာတဲ့ နိုင်ငံတကာ ဒုက္ခသည် အမျိုးသမီး ၁၄ ဦးကလည်း ဟောပြောခဲ့ကြ သလို၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အကြောင်း ပြသမယ့် တခြား ပွဲတွေလည်း ရှိပါတယ်။

နောက်နေ့တွေမှာလည်း မြန်မာပြည်နဲ့ပတ်သက်ပြီး ၂၀၀၇ သံဃာ့အရေးအခင်းကို ရိုက်ကူး ထားတဲ့ Burma VJ သတင်း ဇတ်ကားကို ပြသဖို့ရှိပြီး၊ မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ ဟောပြောပွဲတွေလည်း ရှိဦးမှာဖြစ်ပါတယ်။

ဒီကနေ့ကစတင်ပြီး မေလ ၂၉ ရက်နေ့အထိ သုံးပတ်ကြာ ကျင်းပမယ့် ဗြိတိန်နိုင်ငံ တောင်ပိုင်းက ပင်လယ်ကမ်းခြေ မြို့ ဖြစ်တဲ့ Brighton မြို့မှာ နှစ်စဉ် နှစ်တိုင်း အနုပညာနဲ့ လှုပ်ရှားမှု ပွဲတော်ကို ကျင်းပမြဲ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။