နောက်ဆုံး ရေးသားချိန် 7 မေလ 2011 - 15:20 GMT

အာဆီယံ ထိပ်သီး ညီလာခံ စတင်

အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ နှစ်ပတ်လည် ထိပ်သီး အစည်း အဝေးကို အင်ဒို နီးရှား နိုင်ငံ ဂျာကာတာမြို့မှာ စနေနေ့ မနက်က စတင် ဖွင့်လှစ်ခဲ့ ပါတယ်။

ASEAN Summit

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက် လာကြတဲ့ ခေါင်းဆောင်များ

အာဆီယံ ဆယ် နိုင်ငံက ခေါင်းဆောင်တွေ နှစ်ရက်ကြာ တွေ့ဆုံ ဆွေးနွေးကြမယ့် ဒီညီလာခံမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ပဋိပက္ခ တွေကို ဖြေရှင်းဖို့နဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာ နိုင်ငံ အာဆီယံ ဥက္ကဌ အဖြစ် တာဝန်ယူရေး မယူရေး ကိစ္စနှစ်ခုက အဓိက ဆွေးနွေးမယ့် အကြောင်း အရာတွေ အဖြစ် ပါဝင် ပါတယ်။

အာဆီယံ နိုင်ငံတွေ ထဲမှာ တခြား နိုင်ငံ အတော်များများထက် ဒီမိုကရေစီ ပိုဆန်တဲ့ အင်ဒိုနီးရှား နိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် တိုက်တိုက် တွန်းတွန်း ပြောလေ့ ရှိပေမဲ့ အခု ထိပ်သီး ညီလာခံကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ နေချိန် မှာတော့ ဒီအကြောင်းကို ထိမ်းထိမ်း သိမ်းသိမ်း ပြောဆိုနေတဲ့ပုံ ရှိပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီ ယံဥက္ကဌ တာဝန်ယူချင်တဲ့ ဆန္ဒ ရှိတယ်ဆိုတာ အကြောင်းကြားခဲ့ပါတယ်။ ဒါကို တရားဝင် ထုတ်ပြန် ကြေညာတာ တော့ မရှိသေးဘူးလို့ အင်ဒိုနီးရှား သမ္မတရဲ့ ပြောခွင့်ရသူ မစ္စတာ တေဂူ ဖိုင်ဇာရှားက ပြောပါတယ်။

မနက်ပိုင်းက စတင် ဖွင့်လှစ်လဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံမှာ ညနေပိုင်း ရောက်တဲ့ အထိ မြန်မာနဲ့ ပတ်သက်တဲ့ အကြောင်း တွေကို ဆွေးနွေးတာ မရှိသေးဘူးလို့ သူက ဆက် ပြောပါတယ်။

အာဆီယံက မြန်မာ နိုင်ငံ အရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက ရတဲ့ အချက် အလက်တွေကို စဉ်းစားမှာ ဖြစ်တယ်၊ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆောင်ရွက် နေတာတွေကို အနီးကပ် စောင့် ကြည့် တယ်လို့ လည်း တေဂူ ဖိုင်ဇာရှားက ပြောပါတယ်။

ဒီမို ကရေစီ ပုံစံ ဖြစ်လာအောင် ဆောင်ရွက်မှု အားလုံးဟာ ဒေသတွင်း ကိုလည်း အကျိုးရှိစေမယ် လို့ဆိုပါတယ်။ မြန်မာ နိုင်ငံ အကူအညီ လိုတယ်ဆိုရင် အင်ဒိုနီးရှားက အတွေ့ အကြုံတွေကို ဝေမျှ ကူညီဖို့ အသင့်ပါ လို့ အင်ဒိုနီးရှား သမ္မတရဲ့ပြောခွင့်ရသူ က ပြောခဲ့ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်က အာဆီယံ ထိပ်သီး ညီလာခံ မတိုင်ခင်၊ ကြာသပတေးနေ့ ကတည်းက အင်ဒိုနီးရှား နိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိ နေခဲ့တာပါ။

အင်ဒိုနီးရှား သမ္မတ ဆိုဆီလို ဘန်ဘန်း ယူဒိုယိုနို နဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံကြား ပူးပေါင်း ဆက်ဆံရေး အတွက် အဓိက ထားပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု အပါအဝင် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အပိုင်းတွေကို ဆွေးနွေးခဲ့ပါတယ်။

နှစ်နိုင်င ံကုန်သွယ်ရေးကို နှစ်စဉ် ဒေါ်လာ သန်း ၅၀၀ အထိ ရောက်အောင် မြှင့်တင် ကြဖို့ သဘော တူခဲ့ကြတဲ့ အကြောင်းလည်း မစ္စတာ ဖိုင်ဇာရှားက ပြောပါတယ်။

အခု ထိပ်သီး ညီလာခံနဲ့ အတူ နှစ်နိုင်ငံချင်း သီးသန့် တွေ့ဆုံပွဲတွေ မှာတော့ မြန်မာ သမ္မတ ဦးသိန်းစိန်က ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝနဲ့ တွေ့ဆုံမယ့် အစီအစဉ် လည်း ရှိတာ တွေ့ရ ပါတယ်။

အာဆီယံ ထိပ်သီးညီ လာခံရဲ့တကယ့် ပင်မ ရည်မှန်းချက်က ၂၀၁၅ ခုနှစ်မှာ အာဆီယံ ကွန်မြူနတီလို့ ခေါ်တဲ့ အာဆီယံ မိသားစု အသွင် ထူထောင် နိုင်ရေး အတွက် လုပ်ငန်းစဉ်တွေ ချမှတ် အကောင် အထည် ဖော်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံ ကြားက ပြဿနာ မျိုးနဲ့ မြန်မာ နိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး တို့လို ကိစ္စတွေ ကြားမှာ အဲဒီ ရည်မှန်း ချက်ကို လက်တွေ့ ဘယ်လို ရောက်အောင် သွားကြ မလဲဆိုတာ ကတော့ အာဆီယံ ခေါင်းဆောင်တွေ လက်ရှိ တွေ့ကြုံ နေရတဲ့ စိန်ခေါ်မှု လို့ ဆိုရမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။