နောက်ဆုံး ရေးသားချိန် 5 မေလ 2011 - 16:32 GMT

လူထုအခြေပြု အဖွဲ့တွေက မြန်မာအရေး အာဆီယံကို တောင်းဆို

Asean Summit in Jakarta

အာဆီယံ ထိပ်သီး ညီလာခံ မတိုင်ခင် မှာ လူထု အခြေပြု အစည်းဝေးတွေ လုပ်ခဲ့

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးစည်းဝေးပွဲ မတိုင်မီ နိုင်ငံ့ခေါင်းဆောင်တွေဆီကို တင်ပြ နိုင်ဖို့အတွက် မေလ ၃ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ APF လို့ခေါ်တဲ့ အာဆီယံလူထုအခြေပြု ဆွေးနွေးပွဲတွေကနေ အာဆီယံကို တောင်းဆိုချက် မူကြမ်းထဲမှာ ၂၀၁၄ ခုနှစ်ကျရင် မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌ အဖြစ် လက်မခံဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင် ပေါ်ပေါက်လာအောင် ထောက်ခံပေးဖို့ အကြောင်းတွေ ပါဝင်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် Forum for Democracy in Burma ရဲ့ နိုင်ငံခြားရေးရာ ကော်မတီ ဒုတိယ အတွင်းရေးမှူး ကိုသွင်လင်းအောင်က ပြောပါတယ်။

အဲဒီ လူထုအခြေပြု အစည်းဝေးတွေကို မြန်မာအစိုးရ အကြံပေး အဖွဲ့ဝင်တွေ အဖြစ် ခန့်အပ်ခြင်း ခံထားရသူတွေ ခေါင်းဆောင်တဲ့ မြန်မာပြည်တွင်းက လူထုအခြေပြု အဖွဲ့ အစည်း ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီကိုယ်စားလှယ် တွေက မြန်မာနိုင်ငံဟာ ပြောင်းလဲသွားပြီ၊ ဒါကြောင့် မကြာခင်မှာဖွံ့ဖြိုး တိုးတက်တော့မယ် ဆိုတဲ့ ဆွေးနွေးချက်တွေကို အလေးပေးပြော ဆိုခဲ့တာသာ ကြားခဲ့ရတယ်လို့ ကိုသွင်လင်းအောင်က ဆိုပါတယ်။

မြန်မာ ပြည်တွင်းက လာသူတွေနဲ့ ပြည်ပ အခြေစိုက် နိုင်ငံရေး လှုပ်ရှားသူတွေကြားမှာ ယဉ်ယဉ်ကျေးကျေး ပြောဆို ဆက်ဆံကြပေမယ့် သဘောထား အမြင်ချင်း ကတော့ ကွဲပြားကြကြောင်းလည်း သူကပြောပါတယ်။

အာဆီယံ အနေနဲ့ လူထုအခြေပြုအဖွဲ့အစည်း တွေရဲ့ တောင်းဆိုမှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးတာမျိုး သိပ်မရှိပေမယ့် ဒုက္ခသည်အရေး လို ပြဿနာ တွေမှာတော့ အာဆီယံက ကူညီ ဖြေရှင်း ပေးခဲ့တာတွေ ရှိတယ်လို့ ကိုသွင်လင်းအောင်က ပြောကြားခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။