နောက်ဆုံး ရေးသားချိန် 3 မေလ 2011 - 15:36 GMT

ဒုက္ခသည်စခန်းတွေ ထိုင်းပြန်စိစစ်မယ်

Burmese refugee camp in Thailand

ဒုက္ခသည် အစစ်တွေသာ စခန်းတွေမှာ နေခွင့် ပြုမယ်လို့ ထိုင်းကဆို

ထိုင်းနိုင်ငံ တာ့ခ် ခရိုင်ထဲမှာရှိတဲ့ ဒုက္ခသည် စခန်း သုံးခုမှာ ဒုက္ခသည် စာရင်းကို ပြန်လည် စိစစ်နေကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး နိုင်စမတ်လွိုင်ဖာက သတင်းထောက် တွေကို ပြောပါတယ်။

ဒုက္ခသည်စာရင်းသွင်းပြီး စခန်းတွေရဲ့ အပြင်မှာနေထိုင်ကြသူ တွေကို စာရင်းကနေ ပယ်ဖျက်မယ်လို့သူက ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ မဲဆောက် မြို့မှာ နေထိုင်နေကြတဲ့ မြန်မာ အတိုက်အခံ တွေရဲ့ စာရင်းကို မြန်မာအစိုးရက ထိုင်းဝန်ကြီးချုပ်ဆီကို ပေးပို့ခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီက ကိုင်တွယ်ဖြေရှင်း လိမ့်မယ်လို့လည်း တာ့ခ် ခရိုင်အုပ်ချုပ်ရေးမှူးက သတင်းစာ ရှင်းလင်း ပွဲမှာ ပြောခဲ့ပါတယ်။

ထိုင်းအစိုးရဟာ ထိုင်းမြန်မာနယ်စပ်မှာ ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ အပေါ် အရင်တုန်းကလည်း တင်းကြပ်မှုတွေ လုပ်ခဲ့ဘူးပါတယ်။

ဒီတကြိမ် တင်းကြပ်မှုတွေကတော့ မဲဆောက် မြဝတီ စီးပွားရေးဇုံ တည်ဆောက်ဖို့ အစီအစဉ်နဲ့ ပတ်သက်နိုင်တယ်လို့ မဲဆောက် အခြေစိုက် ဘီဘီစီ သတင်းထောက် ကပြောပါတယ်။

မြန်မာဖက်မှာလည်း အထူးစီးပွားရေးဇုံ တည်ထောင်မယ့် ဒေသတွင်းမှာရှိတဲ့ လူမျိုးစု လက်နက်ကိုင်တွေကို မြန်မာအစိုးရက ရှင်းလင်း နေပြီး လုံခြုံမှု ရှိအောင် ဆောင်ရွက် နေတယ်လို့ တာ့ခ် ခရိုင် အုပ်ချုပ်ရေးမှူး နိုင်စမတ် လွိုင်ဖာက ဒီကနေ့ မဲဆောက်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။