
ထိုင်းက မြန်မာ အလုပ်သမားတွေ
ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာ လောနဲ့ ကမ္ဘောဒီးယား အလုပ်သမား တွေကို အလုပ်လုပ်ခွင့်လက်မှတ် အသစ်ထုတ်ပေးဖို့နဲ့ အဖမ်းအဆီးတွေလုပ်ဖို့ သက်ဆိုင်ရာကို ညွှန်ကြားတဲ့ သတင်းစာရှင်းလင်းပွဲ တခုကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်လုပ်ခွင့်လက်မှတ်ထုတ်ပေးဖို့က အစောဆုံး ဇွန်လ ဒါမှမဟုတ် အနောက်ကျဆုံး စက်တင်ဘာလ မှာ လုပ်ဆောင်ပေးဖို့ အလုပ်သမား ဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။
အလုပ်လုပ်ခွင့် လက်မှတ်အသစ် မထုတ်ပေးမီနဲ့ ထုတ်ပေးပြီးနောက်မှာ အဖမ်းအဆီးကို ဖိအားလုပ်ဆောင်ဖို့အတွက် ရဲ၊လူဝင်မှုကြီးကြပ် ရေးနဲ့ စစ်တပ်က တာဝန်ရှိသူတွေကို ဒီကနေ့ တာဝန်ပေးအပ်ပွဲပြု လုပ်ခဲ့ပါတယ်။
တရားမဝင် လူခိုးသွင်းနေတဲ့ လူပွဲစားတွေကို ဦးစားပေးအဆင့် ဖမ်းဆီးအရေး ယူမှာဖြစ်ပြီး အဲ့ဒီနောက်တော့ တရားမဝင် အလုပ်သမားတွေကို ခိုင်းနေတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို ဖမ်းဆီးမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဒေါက်တာ စုမ်ကီယတ် ချာယါ့စီဝုံးက ပြောကြားခဲ့ပါတယ်။
တရားမဝင် အလုပ်သမားအားလုံး အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင်အောင် လက်မှတ်မလုပ်ခင်မှာ ဖိအားပေးဖမ်းဆီးမှာဖြစ်သလို နောက်တခါ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးပြီးတဲ့နောက် မှတ်ပုံမတင်တဲ့သူတွေ ကိုလည်း ဖမ်းဆီးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် တရားမဝင် အလုပ်သမားငှါးရမ်းတဲ့ လုပ်ငန်းရှင်တွေကို နိုင်ငံခြားသား အလုပ်သမား ငှါးရမ်းတဲ့ ကိုတာ ခွဲတမ်းတွေ ပိတ်ပင်တဲ့အထိ အရေးယူ သွားမှာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။
တခါ လူကုန်ကူးခံရပြီး အမှုဖြစ်နေတဲ့ကာလမှာ ထိုင်းနိုင်ငံက လူမှုဖူလုံရေးစခန်းမှာ စောင့်ရှောက်ထားတဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ တစ်နှစ်တာ ယာယီ အလုပ်လုပ်ခွင့်ပေးဖို့ ထိုင်းအစိုးရဝန်ကြီးများအစည်းအဝေးက ဒီကနေ့ဘဲ အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။
ဒါကြောင့် လူကုန်ကူးခံရသူတွေဟာ နေရပ်ရင်း နိုင်ငံကို မပြန်နိုင်သေးခင်မှာ ဝင်ငွေရတဲ့ အလုပ်တွေလုပ်ခွင့်ရ တော့မှာ ဖြစ်ပါတယ်။

