
မတ်မဲတတင်းထွက်ဖို့ အတွက် စိုက်ပျိုးစရိတ် ဟာ ကျပ်ငွေ ၁၃၀၀၀ စျေးရှိပါတယ်
မတ်လလယ်က ရွာသွန်းခဲ့တဲ့ အချိန်အခါ မဟုတ် မိုးကြောင့် ပဲခူးတိုင်း ညောင်လေး ပင် နဲ့ ကျောက်တံခါး မြို့နယ်တွေမှာ မတ်ပဲ ၆၀ ရာခိုင်နှုန်းလောက် ပျက်ဆီးသွား ပါတယ်။
မိုးမရွာခင်က မတ်ပဲ တတင်းဟာ ကျပ်ငွေ ၂၆၀၀၀ ကနေ ၃၀၀၀၀ အထိရှိနေပေမယ့် မိုးရွာပြီးတဲ့အချိန်မှာတော့ မတ်ပဲ တတင်းဟာ ကျပ်ငွေ ၈၀၀၀ အထိ ထိုးကျသွားတယ်လို့ လယ်သမားတဦးက ဘီဘီစီကို ပြောပါတယ်။
မတ်မဲတတင်းရဖို့အတွက် စိုက်ပျိုးစရိတ်ဟာ ကျပ်ငွေ ၁၃၀၀၀ စျေးရှိတာဖြစ်တဲ့အတွက် လယ်သမားတွေ အကြီးအကျယ် အရှုံးပေါ်နေပါတယ်။
မိုးက တောက်လျှောက်ရွာခဲ့တာကြောင့် တလင်းထဲမှာ နယ်ထားတဲ့ပဲတွေကို ဘယ်လိုမှ သိမ်းမရဖြစ်ပြီး၊ ပဲတွေဟာ အညှောင့်တွေ ပေါက်ပြီးပျက်ဆီးသွားကြောင်း၊ နောက်တခါ မိုးရေကြောင့် အပင်မှာ ရင့်မှည့်နေတဲ့ အသီးတောင့်တွေကွဲတာ၊ အသီးတောင့်မှာတင် အညှောင့်တွေထွက်ပြီး ပျက်ဆီးကုန်တာတွေ ရှိတယ်လို့ အဲဒီလယ်သမားက ပြောပါတယ်။
မိုးရွာပြီးတဲ့နောက်ပိုင်းမှာ ကုန်သည်တွေက အဲဒီလို မိုးဆိုမတ်ပဲတွေကို စျေးမပေးတော့ ရုံတင်မက၊ မိုးမဆိုတဲ့ မတ်ပဲတွေကိုလည်း ကုန်သည်တွေက စျေးနှိမ်ခဲ့ကြောင်း သူက ပြောပါတယ်။
ဒီလိုစျေးနှိမ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ဝင်ရောက်ဖြေရှင်းပေးသင့်တယ်လို့ လည်း သူကဆိုပါတယ်။
အခုလို ပျက်ဆီးဆုံးရှုံးရမှုတွေဟာ ဝေါ၊ သနပ်ပင်၊ ဒိုက်ဦးမြို့နယ်အပါအဝင် ပဲခူးတိုင်း အနောက်ခြမ်းနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းဘက်မှာလည်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။

