နောက်ဆုံး ရေးသားချိန် 5 ဧပြီလ 2011 - 15:56 GMT

ရွေးကောက်ပွဲ ဝင်ရင် NDF က NLD နဲ့ ပြန်ပေါင်းမယ်

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဟာ တရားဝင် နှစ်ခြမ်း ကွဲသွားပြီ လို့ သင်္ဃန်းကျွန်း မြို့နယ် အခြေစိုက် အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်က ပြောဆိုပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်မယ် ဆိုရင် NLD နဲ့ ပြန်လည် ပူးပေါင်း လိုတယ် လို့လည်း ထုတ်ဖော် ပြောပါတယ်။

NDF Party Deputy Leader U Thein Nyunt

NLD နဲ့ ပြန်လည် ပူးပေါင်းဖို့ ဆန္ဒ ရှိတယ် ဆိုတဲ့ NDF ဒုခေါင်းဆောင် ဦးသိန်းညွန့်

NDF အမျိုးသား ဒီမို ကရေစီ အင်အားစုပါတီ ထဲမှာ ပါဝင်တဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေ တရားဝင် လမ်းခွဲ လိုက်ကြပြီ ဆိုတဲ့ သတင်းနဲ့ ဦးသိန်းညွန့် ခေါင်းဆောင်တဲ့ NDF ပါတီ က NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြန်လည် ပူးပေါင်းလိုတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ အပြီးမှာ သင်္ဃန်းကျွန်း မြို့နယ် အခြေစိုက် NDF ပါတီရဲ့ ဒုတိယ ခေါင်းဆောင် ဦးသိန်းညွန့် က ဘီဘီစီကို အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

NDF ပါတီကို ငွေကြေး အရှုပ် အရှင်း ကင်းပြီး လူအများ လေးစားတဲ့ ဂုဏ်သိက္ခာရှိ ပါတီ တစ်ရပ် အဖြစ် ထူထောင်ဖို့ ပါတီကို နှစ်ခြမ်း ခွဲလိုက်ပြီ ဆိုတာ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကြေညာခဲ့ပြီး ဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ကိုလည်း တိုက်တွန်းတယ်လို့ သူက ဆိုပါတယ်။

နှစ်ပေါင်း ၂၀ ကျော် လက်တွဲ လာခဲ့တဲ့ NLD လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေကို သံယောဇဉ် ရှိတာကြောင့် နောက်ထပ် ရင်းနှီး ပေးဆပ်ရမှာတွေကို မဖြစ်စေလိုတော့ဘူး၊ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီး လက်ရှိ မြန်မာ့ နိုင်ငံရေးရဲ့ နက်ရှိုင်းမှုနဲ့ ရှေ့မှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခြေ အနေတွေ အပေါ်မှာ မှန်ကန်တဲ့ မဟာ ဗျူဟာကို သုံးစေ ချင်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က လွှတ်တော် နိုင်ငံရေး နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို သိလိုတယ် ဆိုရင်လည်း ရှင်းပြဖို့ အသင့် ရှိပါတယ်လို့ သင်္ဃန်းကျွန်း မြို့နယ် အခြေစိုက် NDF ပါတီရဲ့ ဒုတိယ ခေါင်းဆောင် ဦးသိန်းညွန့် က ဘီဘီစီကို ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။