
ရန်ကုန် က လူ တွေ ကို မောင်တော မှာ ရွှေ့ပြောင်း နေရာချ ပေးနေ
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်မှာ တည်ဆောက်နေတဲ့ စံပြ ကျေးရွာတွေမှာ နေထိုင်ဖို့ အတွက် ရန်ကုန် က အိမ်ထောင်စု ၁၀၀ ကျော် ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ် ကပဲ မောင်တော ကို ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ ပါတယ်။
အခုလို အာဏာပိုင်တွေရဲ့ အစီအစဉ် နဲ့ မောင်တော ကို လူတွေ ပြောင်းရွှေ့ လာတာတွေ အကြိမ်များစွာ ရှိခဲ့ပြီး အခု ရောက်ရှိလာတဲ့ အစု က ၁၉ ကြိမ်မြောက် အစု ပါ။
အခု ပြောင်းရွှေ့လာတဲ့ အိမ်ထောင်စုပေါင်း ဟာ ၁၄၃ စု ဖြစ်ပြီး လူဦးရေ အားဖြင့် စုစုပေါင်း ၄၂၂ ဦး ဖြစ်ပါတယ်။
အခုအခါ သူတို့ကို မောင်တောမြို့နယ်က တောင်ပြို၊ ခရေမြိုင် နဲ့ ညောင်ချောင်း စတဲ့ စံပြ ကျေးရွာတွေမှာ နေရာချ ပေးထားလိုက်ပြီ ဖြစ်ပါတယ်။
ခုလို အစိုးရ က ဗမာပြည်အတွင်းပိုင်း က မိသားစုတွေကို မောင်တော မြို့နယ်ကို ပြောင်းရွှေ့ နေရာချထား ပေး တာနဲ့ ပတ်သက်ပြီး ဒေသခံ အများစု ကတော့ သိပ်မကြိုက် ကြဘူး လို့ သိရ ပါတယ်။
ခုလို ပြောင်းရွှေ့ နေရာချပေးတဲ ရည်ရွယ်ချက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက တရား၀င် ကျေညာတာ မရှိပေမယ့် ဒေသအတွင်း မူဆလင် လူဦးရေ နဲ့ ဗုဒ္ဓဘာသာ လူဦးရေကို ထိန်းညှိလိုတဲ့ အတွက် အခုလို ဗမာပြည် အတွင်းပိုင်း က ဗုဒ္ဓ ဘာသာဝင် တွေကို ပြောင်း ရွှေ့နေတာ ဖြစ်တယ်လို့ လေ့လာ သုံးသပ်သူ တွေက ပြောပါတယ်။
စံပြကျေးရွာ စီမံကိန်း ကို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကောင်အထည် ဖေါ်နေတာက ၁၉၉၉ ခုနှစ် ကတည်းက ဖြစ်ပြီး အခုအချိန်ထိ လူဦးရေ အားဖြင့် ၆၂၃၃ ဦးကို ပြောင်းရွှေ့ နေရာချ ထားပြီး ဖြစ်တယ်လို့ သိရ ပါတယ်။

