နောက်ဆုံး ရေးသားချိန် 4 မတ်လ 2011 - 16:41 GMT

နိုင်ငံသား မစစ်တဲ့ အမတ်တွေ နုတ်ထွက်ရ

နေပြည်တော်မှာ လွှတ်တော် အစည်း အဝေးတွေ စတင်ခဲ့ အပြီး နှစ် လကျော် အကြာမှာ နိုင်ငံသား မိဘ နှစ်ပါးက မွေး ဖွားသူ မဟုတ်တဲ့ ကိုယ်စားလှယ် နှစ်ယောက် နုတ်ထွက် သွားခဲ့ပါတယ်။

USDP Members

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်များ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ ပါတဲ့ လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းမှာ သတ်မှတ် ချက်အရ နိုင်ငံသား မိဘ နှစ်ပါးက မွေးဖွားတာ မဟုတ်ဘူး ဆိုတာ ပေါ်ပေါက်လာလို့ အခု နုတ်ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လွှတ်တော် အစည်း အဝေးတွေ စလို့ နှစ်လကျော် ကြာ အခုချိန်ကျမှ ဒီကိစ္စပေါ် လာပြီး အရင်က မသိခဲ့ကြတာ ဘာကြောင့်လဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဒါ့အပြင် အဲဒီ နှစ်ယောက်စလုံးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။

နုတ်ထွက်သွားခဲ့သူ တစ်ယောက်က ပဲခူးတိုင်း သနပ်ပင် မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအံ့ကြီး ဖြစ်ပြီး နောက်တစ်ယောက် ကလည်း ပဲခူးတိုင်း မဲဆန္ဒနယ် တစ်ခုကပဲ ဖြစ်တဲ့ အမျိုးသားလွှတ် တော် အမတ် ဒေါ်ချိုနွယ်ဦး ဖြစ်ပါတယ်။

ဦးအံ့ရဲ့ ဖခင်ဟာ ကွယ်လွန် ချိန်မှာ နိုင်ငံသား မှတ်ပုံတင် မရှိသူဖြစ်ပြီး၊ ဒေါ်ချိုနွယ်ဦးရဲ့ ဖခင်က တော့ သူ မွေးဖွားချိန်မှာ နိုင်ငံခြားသား ဖြစ်နေတယ်လို့ လွှတ်တော် တက်နေတဲ့ အမတ်တွေက ပြောပါတယ်။

အတည် မပြုနိုင်သေးတဲ့ သတင်းအရ ပဲခူးတိုင်း ဒေသကြီးက ကိုယ်စားလှယ်တစ်ဦးလည်း အလားတူ အဖြစ်မျိုး ကြောင့် နုတ်ထွက် သွားတယ်လို့ဆိုပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ဆက်လက် ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အစည်းအဝေး တွေကနေ လွှတ်တော် နှစ်ရပ်လုံးမှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ လွှတ်တော်အခွင့် အရေး ကော်မီတီကို ဖွဲ့စည်း ခဲ့ကြပါတယ်။

အခုချိန် အထိ ဖွဲ့စည်း ခဲ့တဲ့ လွှတ်တော် ရေးရာ ကော်မီတီတွေ ထဲမှာ အဖွဲ့ဝင် ၁၅ ယောက်စီ ပါဝင် ကြတဲ့ အနက် ကြံ့ခိုင် ဖွံ့ဖြိုးရေး ကိုယ်စား လှယ် တွေက ကိုးယောက်နဲ့ ဆယ်ယောက် လောက်စီ ပါဝင်ပြီးကျန်တဲ့ ပါတီတွေက တော့ ကိုယ်စားလှယ် ငါးယောက် ခြေက်ယောက် လောက်သာ ပါဝင်တာ တွေ့ရ ပါတယ်။ ကော်မီတီ ဥက္ကဌနဲ့ အတွင်းရေးမှူး နေရာတွေ ကိုလည်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ကိုယ်စားလှယ်တွေ သာရရှိ ခဲ့ကြ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။