နောက်ဆုံး ရေးသားချိန် 3 မတ်လ 2011 - 16:23 GMT

ဒန်ကလေ နဲ့ ပြဿနာ မရှိလို့ ဒေါက်တာ တင်ထွန်းဦးရှင်း

မြန်မာတိုင်းမ် သတင်းစာ တည်ထောင်သူ သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ ကို ကမာရွတ် တရားရုံးမှာ ဒုတိယ အကြိမ် ရုံးထုတ် ခဲ့ကြ ပါတယ်။

Myanmar Times

ရော့စ် ဒန်ကလေ အတွက် မြန်မာ တိုင်းမ်စ် သတင်း စာ အကြီး အကဲတွေ အာမခံပေး

မစ္စတာ ဒန်ကလေရဲ့ ရှေ့နေတွေက သူ့ကို အာမခံ ပေးဖို့ လျှောက်ထား ခဲ့ကြ ပါတယ်။ အာမခံ ပုဂ္ဂိုလ်တွေ ကတော့ မြန်မာတိုင်းမ် သတင်းစာရဲ့ စီအီးအို ဒေါက်တာ တင်ထွန်းဦးနဲ့ တခြား မြန်မာတိုင်းမ် အကြီးအကဲ တစ်ယောက် ဖြစ်တဲ့ ဦးဝေလင်းတို့ ဖြစ်ကြ ပါတယ်။

မစ္စတာ ဒန်ကလေဟာ အမျိုးသမီး တစ်ဦးကို ထိခိုက်နာကျင်စေမှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ဗီဇာ သက်တမ်း ကျော်လွန်နေထိုင်မှု တို့နဲ့ တရားစွဲဆို ခံထား ရတာ ဖြစ်ပါတယ်။

ရုံးချိန်းမှာ တရားလိုပြ သက်သေ ၆ ဦးကို စစ်ဆေးခဲ့ပါတယ်။ အဲဒီထဲမှာ မစ္စတာဒန်ကလေ အပေါ် စွပ်စွဲခဲ့တဲ့ အမျိုးသမီးကို နိုက်ကလပ် ကနေ ကားပေါ် ကိုပို့ပေး ခဲ့တယ်ဆိုတဲ့ စားပွဲထိုး တစ်ဦးနဲ့၊ မစ္စတာ ဒန်ကလေရဲ့ နေအိမ်က ဝန်ထမ်း တချို့ ပါဝင်ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မစ္စတာ ဒန်ကလေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတူ လုပ်သူ David Armstrong ကတော့ အဲဒီသက်သေတွေရဲ့ ထွက်ဆိုချက် တွေဟာ စွပ်စွဲသူ အမျိုးသမီးရဲ့ ထွက်ဆိုချက် တွေနဲ့ ဆန့်ကျင် နေတယ်လို့ ဆိုပါတယ်။

အဲဒီ အမျိုးသမီးက အမှုကို ရုပ်သိမ်းချင် ပေမဲ့ ရဲက ရုပ်သိမ်းခွင့် မပြုဘူးလို့ မစ္စတာဒန်ကလေရဲ့ရှေ့နေ တစ်ဦး ဖြစ်တဲ့ ဦးမင်းစိန်က ပြောပါတယ်။ ဒါပေမဲ့ ဒီလို အမှု ရုပ်သိမ်းတဲ့ ကိစ္စဟာ နိုင်ငံရဲ့ အကျိုးစီးပွားကို သာ ကြည့်ပြီး ဆောင်ရွက်ရတာ ဖြစ်တဲ့ အတွက် တရားစွဲ အဖွဲ့အစည်း ကသာ ဆုံးဖြတ်နိုင်တာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

အာမခံနဲ့ ပတ်သက်ပြီး မတ်လ ၈ ရက်နေ့မှာ နှစ်ဘက်ရှေ့နေတွေ လျှောက်လဲ ကြမှာ ဖြစ်ပါတယ်။

မစ္စတာ ဒန်ကလေကို အာမခံ ပေးသူထဲက တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ တင်ထွန်းဦး ကတော့ မစ္စတာဒန်ကလေ တရားစွဲခံရတာဟာ အများ ခန့်မှန်း ပြောဆို နေကြ သလို နိုင်ငံရေးနဲ့ မပတ်သက်တဲ့ အပြင် စီးပွားရေး ပြဿနာ ကြောင့်လည်း မဟုတ်ဘူးလို့ အခိုင်အမာ ပြောပါတယ်။ ဒါ့အပြင် သူနဲ့ မစ္စတာ ဒန်ကလေ ကြားမှာလည်း နားလည်မှု လွဲမှားတဲ့ အကြောင်း တစုံတရာ မရှိဘူးလို့လည်း ဒေါက်တာ တင်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။