နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2011 - 17:07 GMT

ကေအိုင်အေ နဲ့ တိုက်ပွဲမှာ နအဖ တပ်ရင်းမှူး ဒဏ်ရာရ

KIA recruits

အပစ်ရပ် ထားပေမယ့် ကေအိုင်အေ ဖက်ကလည်း ပြင်ဆင်မှုတွေ ရှိနေ

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းမှာ ရှိတဲ့ ကေအိုင်အေ ထိန်းချုပ် နယ်မြေထဲ ဝင်လာတဲ့နအဖ စစ်ယာဉ်တန်း မိုင်းထိပြီးတဲ့ နောက် ကေအိုင်အေနဲ့ နအဖ တပ်တွေ တနင်္လာနေ့ မနက်ပိုင်းက တစ်နာရီခွဲကျော် ကြာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

နအဖ အစိုးရရဲ့ ခလရ ၁၅မှ တပ်ရင်းမှူး ကိုယ်တိုင် အပါအ၀င် အင်အား၆၀ ခန့်ဟာ ကား၃စီးနဲ့အတူ ကေအိုင်အေ တပ်ရင်း ၂၇ နယ်မြေ အတွင်းက ပုန်းလိမ် ဒိန်ကရူးရွာ အနားကို ၀င်ရောက်လာစဉ်မှာ မိုင်းထိ ခံလိုက်ရတာဖြစ်ပါတယ်။

မိုင်းထိပြီးပြီးချင်း စစ်တပ်ဖက်မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကေအိုင်အေဖက်ကလဲ တုန့်ပြန် ပစ်ခတ်ခဲ့တဲ့ အတွက် မနက် ၁၀နာရီခွဲခန့် ကနေ ၁၂နာရီလောက် အထိ တနာရီ ကျော်ကြာ အပြန်အလှန် တိုက်ပွဲတခု ဖြစ်ပွား ခဲ့တယ်လို့ ကေအိုင်အေ အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို မိုင်းထိခံရပြီး အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ ရတာကြောင့် နအဖ ခလရ၁၅ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေး အပါအ၀င် အနဲဆုံး (၈) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်းမှူးကတော့ ဒဏ်ရာ ပြင်းထန် တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအပြီးမှာ အပစ်အခတ်တွေ ရပ်စဲသွား ပေမဲ့၊ နအဖဖက်က တိုက်ပွဲ ဖြစ်တဲ့ နေရာကို တပ်ခွဲနှစ်ခွဲကို ထပ်မံ ပို့လွှတ် ထားသလို၊ ကေအိုင်အေ ဖက်ကလဲ တပ်ရင်း၂၇ အနီး တပ်ရင်းတွေကပါ အသင့် အနေအထား ရှိနေကြတဲ့အတွက် အချိန်မရွေး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနိုင်တဲ့ အခြေအနေ မျိုး ရှိနေသေးတယ်လို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။