
ဗိုလ်ချုပ်မှူးကြီးရဲ့ လူရင်းတစ်ယောက် ဖြစ်
လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြန့်ဝေခဲ့တဲ့ ကိုယ်ရေးအကျဉ်းမှာ ဖော်ပြချက်အရ ဦးသိန်းစိန်ကို ၁၉၄၅ ခုနှစ်က ဧရာဝတီတိုင်း ငပုတောမြို့နယ် ကြူကုန်းကျေးရွာမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး သူဟာ အခု အသက် ၆၅ နှစ်ရှိပါပြီ။
သူဟာ ၁၉၆၈ ခုနှစ်မှာ စစ်တက္ကသိုလ် ကနေ ဝိဇ္ဇာဘွဲ့ ရခဲ့ပါတယ်။
ကျောင်းဆင်းပြီး ချိန်မှာ ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် ၁ မှာ ဒုဗိုလ်အဖြစ် စတင်ပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာတော့ သူဟာ တြိဂံဒေသ စစ်တိုင်းရဲ့ တိုင်းမှူးဖြစ်လာပါတယ်။
အဲဒီကမှ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဖြစ်လာပါတယ်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်တော့ ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ချ ယုံကြည်ရတဲ့ လူယုံ လူရင်း တယောက်ဖြစ်ပြီး အမိန့်ကို မြေဝယ်မကျ နာခံ လုပ်ဆောင် တတ်သူ တစ်ယောက် ဖြစ်တယ်လို့လည်း အသိများပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အဖြစ်က သမ္မတကြီး ဦးသိန်းစိန် ဖြစ်လာ
သူဟာ တခြား ဗိုလ်ချုပ်ကြီးတွေလို စီးပွားရေး သမားတွေနဲ့ ဒွေးရောယှက်တင် နေတာမျိုး၊ နာမည်ပျက် ထွက်တာမျိုး မရှိခဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်လို့ ဒီမိုကရေစီ နဲ့ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန အင်အားစု (NDD) က သုတေသနမှူး ဦးစိုင်းမြင့်သူက ပြောပါတယ်။
ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ် ဖြစ်လာပြီးတဲ့ နောက် အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် လုပ်လာခဲ့သလို အမေရိကန်နဲ့ ဆက်ဆံရေးတွေလည်း ပိုပြီး ပွင့်လာအောင် ကြိုးပမ်းခဲ့တာတွေ ရှိခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
၂၀၁၀ ခုနှစ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်ကြီးရာထူးက အနားယူစေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ခေါင်းဆောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။
၂၀၁၁ ဖေဖေါ်ဝါရီလထဲမှာတော့ ပြည်ထောင်စု လွှတ်တော်က သူ့ကို သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။

