နောက်ဆုံး ရေးသားချိန် 5 ဇန်နဝါရီလ 2011 - 16:02 GMT

ပါတီနဲ့ စီးပွားရေး ဘယ်လမ်းရွေးမလဲ

၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေ အနေနဲ့ ပါတီ ရန်ပုံငွေ ရှာဖို့ အတွက် စီးပွါးရေး လုပ်ငန်းတွေ ထူထောင် လာကြလို့ ပြည်သူလူထု အကျိုး စီးပွါးနဲ့ ပါတီ အကျိုး စီးပွါး ကြားမှာ ဆန့်ကျင်ဖက်တွေ ဖြစ်လာနိုင် တယ်လို့ ဝါရင့် သတင်းစာ ဆရာကြီး လူထု စိန်ဝင်းက ထောက်ပြ ပါတယ်။

gen aung san

ဗိုလ်ချုပ်အောင်ဆန်းတို့ တော်လှန်ရေးခေတ်က ပြည်သူက ထောက်ပံ့ခဲ့တာပဲလို့ ဦးစိန်ဝင်းဆို

ဗိုလ်ချုပ်အောင်ဆန်းတို့ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲတွေ ဝင်ခဲ့တုန်းက ဖက်ဆစ် တော်လှန်ရေး တိုက်ပွဲတွေ ဆင်နွှဲခဲ့စဉ် တုန်းက ပြည်သူ လူထုက ထောက်ပံ့ခဲ့ တာပဲလို့ သူက ထောက်ပြ ပါတယ်။

ဖဆပလ အဖွဲ့ကြီးဆိုပြီး စီးပွါးရေး ကုမ္ပဏီလည်း မထောင်ခဲ့တဲ့ အကြောင်း ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ နိုင်ငံရေး ပါတီ နာမည်နဲ့ ကုမ္ပဏီ ထောင်တာ မရှိဘူး ပါဘူးလို့ လူထု စိန်ဝင်းက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေးနဲ့ စီးပွါးရေးဟာ စိန်နဲ့ သံပုရာလိုပဲ၊ တစ်ခုချင်း အနေနဲ့ အသုံးဝင် ပေမယ့် နှစ်ခု ပေါင်းရင် အဆိပ် ဖြစ်တတ်တာမို့ စီးပွါးရေး လုပ်သူက စီးပွါးရေး လုပ်၊ နိုင်ငံရေး လုပ်သူကလည်း နိုင်ငံရေးပဲ လုပ်သင့်တယ်၊ ပါတီရံပုံငွေ အတွက် ပြည်သူလူထုကိုပဲ အားကိုးသင့် တယ်လို့ သူက ထောက်ပြ ခဲ့ပါတယ်။

ရန်ကုန်တိုင်း တွံတေး၊ ကော့မှူးနဲ့ ကွမ်းခြံကုန်း သုံးမြို့နယ် ကိုယ်စားပြုပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံ ထားရတဲ့ ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေ ကတော့ ပါတီက စီးပွါးရေး လုပ်မယ် ဆိုတာ မအောင်မြင် နိုင်ဘူးလို့ သုံးသပ် ပါတယ်။

နဂိုကတည်းက စီးပွါးရေးမလုပ်တဲ့ သူတွေက စုပြီး လုပ်မယ်ဆို ကတည်းက စီးပွါးရေး လမ်းကြောင်း ဖြောင့်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြော ထားပါတယ်။

စီးပွါးရေးလုပ်ငန်းတွေလုပ်ဖို့ ရှယ်ယာခေါ်နေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ဒုတိယဥက္ကဌ ဦးစိုင်းဆောင်ဆီ ကတော့ သူတို့လို နိုင်ငံရေး ပါတီ အသစ်တွေ အနေနဲ့ လူထုရဲ့ အထောက်အပံ့ကို လိုသလောက် မရနိုင်လို့ စီးပွါးရေး လုပ်ရမယ့် သဘော ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ဟာ နိုင်ငံတော်ရဲ့ စီးပွါးရေး စီမံကိန်းကြီးတွေမှာ ဝင်လုပ်မှာ မဟုတ်ဘဲ ကုန်သွယ်ရေး သက်သက်သာ လုပ်မှာ ဖြစ်လို့ နိုင်ငံရေး မလျော်သြဇာ သုံးစရာ မရှိပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။