
နိုင်ငံရေး အကျဉ်းသား တွေ သူတို့ နေထိုင်ရာ ဒေသနဲ့ ဝေးကွာ တဲ့ ထောင် တွေမှာ အကျဉ်းချ ခံနေကြရ
မြန်မာနိုင်ငံ မှာ အကျဉ်းကျ နေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ကို တဦးချင်းစီ အလိုက် ကူညီ စောင့်ရှောက် နိုင်ဖို့ မဲနှိုက်ပြီး အလှူရှင် ရှာဖွေတဲ့ အစီအစဉ် တစ်ခုကို NLD က လွတ်လပ်ရေး နေ့ မှာ စတင် ဆောင်ရွက် ခဲ့ကြ ပါတယ်။
ဒီ အစီအစဉ် မှာ နိုင်ငံရေး အကျဉ်းသားတွေ ကို ကူညီချင်တဲ့ NLD ပါတီဝင်တွေ အပြင် ပါတီဝင် မဟုတ်သူ တွေပါ ပါဝင် ဆောင်ရွက်ခဲ့ ကြတာပါ။
ဒီ အကျဉ်းသား ၂၀၀၀ ကျော် ရဲ့ ဓါတ်ပုံ ရင်ထိုးလေးတွေ ပါတဲ့ မဲတွေ ကို အကျဉ်းသား တွေကို ကူညီချင်သူ တွေက မဲနှိုက်ရပြီး မဲပေါက်တဲ့သူ က ကိုယ် မဲပေါက်တဲ့ အကျဉ်းသားကို ကူညီရမှာ ဖြစ်ကြောင်း နဲ့ သူ့ အနေနဲ့ ကတော့ ဘူးသီးတောင် ထောင်က ကိုထွေးမောင်မောင် ဆိုတဲ့ သူကို မဲပေါက်တဲ့ အကြောင်း NLD တောင်ဒဂုံမြို့နယ် အဖွဲ့ဝင် မဥမ္မာ က ဘီဘီစီ ကို ပြော ပါတယ်။
အင်္ဂါနေ့ ညနေပိုင်း အချိန် အထိ အကျဉ်းသား ၂၀၀ လောက် အတွက် တာဝန်ယူမယ့် သူများ မဲနှိုက် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ခေါင်းဆောင် တွေလည်း ပါဝင် မဲနှိုက် ခဲ့ကြ ပါတယ်။
မဲပေါက်တဲ့သူတွေ ကတော့ သူတို့ ကူညီရမယ့်သူ ကို စပြီးသိတာနဲ့ တပြိုင်နက် ကူညီနိုင်ရေး စတင် ဆက်သွယ် ဆောင်ရွက် နေကြပြီ ဖြစ်တယ်လို့ NLD လူမှု အထောက် အကူပြု အဖွဲ့ ခေါင်းဆောင် ဦးအုန်းကြိုင် က ဘီဘီစီ ကို ပြောပြ ပါတယ်။

