နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2010 - 17:18 GMT

ပြည်တွင်းစစ် တကျော့ပြန် လာတော့မလား

ကေအိုင်အေ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာစစ်တပ်အကြား ဒီဇင်ဘာ ၄ ရက် မနက်က ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နဲ့ မိုင်ဂျားယန်မြို့ အနားမှာ ဖြစ်ပွားခဲ့တာပါ။

KIA soldiers

စစ်ရေးလေ့ကျင့်နေကြတဲ့ KIA တပ်သားတွေ

ဒီဇင်ဘာလ ၄ ရက် ညပိုင်း မှာလည်း တပ်မဟာ ၃ နယ်မြေမှာ နှစ်ဖက် စစ်တပ်တွေ တဖက်ကို တဖက် အပြန်အလှန် ဝိုင်းခဲ့ကြပါတယ်။

မြန်မာ စစ်တပ် ဖက်က လက်နက်ကြီး တပ်ဖွဲ့တွေနဲ့ ခြေလျင် တပ်ဖွဲ့တွေ စုပေါင်း လေ့ကျင့် ရေးတွေ လုပ်လာတာ ဟာလည်း ထူးခြားတယ်လို့ ကချင်လွတ်လပ်ရေး တပ်မတော် ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

အစိုးရအနေနဲ့ ကေအိုင်အေကို ဖိအားပေး ခြိမ်းခြောက် နေတာလား၊ စစ်တကယ် တိုက်ဖို့ ပြင်ဆင်နေတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုလို စစ်ရေး အရ ဖိအားပေး ဆောင်ရွက်မှုတွေ ကြောင့် အချိန်မရွေးပြည်တွင်းစစ် ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော် က ပြောပါတယ်။

ကေအိုင်အေ အနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကတည်းက မြန်မာစစ်တပ်နဲ့ အခြေအနေ တနေ့တခြား တင်းမာခဲ့ပါတယ်။

ဒီတော့ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မယ့် အခြေအနေ ရှိသေးရဲ့လားလို့ ဘီဘီစီက မေးမြန်းရာမှာတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တဲ့ ဆန္ဒရှိရင် ဖြေရှင်းလို့ ရနိုင်တယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်ကဆိုပါတယ်။

ကေအိုင်အေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တဲ့ ဆန္ဒရှိပေမယ့်၊ မြန်မာစစ်တပ် အနေနဲ့ အလားတူ ဆန္ဒရှိမရှိကို မသိဘူးလို့လည်း ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။